မယုံလို့ နှစ်ခါပြန်ကြည့်ရတဲ့ ၂၀၂၂ ခုနှစ်အတွင်း ပရီးမီးယားလိဂ် အမှတ်ပေးဇယား

၂၀၂၂ ခုနှစ်မှာ လီဗာပူးအသင်းဟာ အလှည့်အပြောင်း ကြီးကြီးမားမား လုပ်ပြခဲ့ပြီး ဆုဖလားလမ်းကြောင်း အားလုံးမှာ နေရာကောင်းမှာ ဆက်ရှိနေအောင် စွမ်းဆောင်ထားပါတယ်။

နှစ်သစ်ကူးပြီးလို့ ဘောလုံးရာသီဝက်အပြီး လီဗာပူးအသင်းက အမှတ်ပေးဇယားမှာ အတော်လေး နောက်ကောက်ချခံထားရတဲ့ အနေအထားကနေ မယုံနိုင်လောက်တဲ့ ခြေစွမ်း တည်ငြိမ်မှုနဲ့အတူ နေရာကောင်းတစ်ခုကို ပြန်လည် ရယူပြခဲ့တာဖြစ်တယ်။ ၂၀၂၂ ခုနှစ်အတွင်း လီဗာပူးရဲ့ ခြေစွမ်း ဘယ်လောက်ထိ ကောင်းခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေက ပြန်ကြည့်တိုင်းကို မယုံနိုင်စရာ ဖြစ်ရပါလိမ့်မယ်။

၂၀၂၂ ခုနှစ်မှာ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲ ၁၀ ပွဲ ကစားထားခဲ့ပြီး ချယ်ဆီးနဲ့ ၂-၂ သရေကျတဲ့ပွဲကလွဲရင် ကျန် ပွဲစဉ် ၉ ပွဲကို အနိုင်ရကာ ရမှတ် ၂၈ မှတ်ထိ ရယူနိုင်ခဲ့ပါတယ်။ ဒီနှစ်ထဲမှာ လီဗာပူးနောက် လိဂ်ရဲ့ ဒုတိယအကောင်းဆုံးဆိုတဲ့ စပါးတောင်မှ ၁၂ ပွဲ ကစားပြီး ရမှတ် ၂၁ မှတ်ပဲ ရထားတာဖြစ်တယ်။

လိဂ်ဦးဆောင်သူ မန်စီးတီးကတော့ ၉ ပွဲကစားခဲ့ချိန်မှာ ရမှတ် ၂၀ ပဲ ရယူနိုင်ခဲ့ပါတယ်။ ၎င်းတို့နဲ့ ချယ်ဆီးတို့ဟာ ၁၀ ပွဲမြောက် ပွဲစဉ်တွေကို အနိုင်ရရင်တောင်မှ ၂၃ မှတ်ပဲ ရယူနိုင်မှာဖြစ်ကာ လီဗာပူးအသင်းထက် ၅ မှတ် လျော့နည်းနေဦးမှာပါ။

ဇန်နဝါရီ နိုင်ငံတကာသီတင်းပတ်ကနေစလို့ မတ်လ နိုင်ငံတကာ သီတင်းပတ်အထိ ၄၃ ရက် ကာလအတွင်းမှာ လီဗာပူးအသင်းဟာ ပြိုင်ပွဲစုံ အားဖြင့် ပွဲပေါင်း ၁၃ ပွဲ ကစားခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်တွေထဲမှာ တစ်ပွဲတည်းသော ရှုံးပွဲအဖြစ် ချန်ပီယံလိဂ် ဒုတိယအကျော့မှာ အင်တာမီလန်ကို အရေးနိမ့်ခဲ့ခြင်းဖြစ်ပြီး ကျန် ၁၂ ပွဲလုံးကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တယ်။

ဒါ့အပြင် ပြိုင်ပွဲစုံ ၁၃ ပွဲမှာ လီဗာပူးအသင်းက ၂၅ ဂိုး သွင်းယူပြီး ခံစစ်က ၄ ဂိုးပဲ ပေးခဲ့ရကာ ချယ်ဆီးကို ပင်နယ်တီမှာ အနိုင်ရတဲ့ ကာရာဘောင်း ဗိုလ်လုပွဲ အပါအဝင် clean sheet ၁၀ ပွဲထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

လာမယ့် ဧပြီလထဲမှာတော့ လီဗာပူးအသင်းဟာ ပြိုင်ပွဲစုံ ၈ ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဆိုပါ ပွဲစဉ်တွေကို ပြီးခဲ့တဲ့ လတွေကလို စွမ်းဆောင်နိုင်မယ်ဆိုရင် ရာသီကုန်မှာ ဆုဖလားတွေ ထပ်မံ ကိုင်မြောက်နိုင်ရေးအတွက် ပိုမို နီးကပ်လာဖို့ ရှိနေတာဖြစ်ပါတယ်။