လီဗာပူးအတွက် လုပ်ပေးခဲ့တာတွေနဲ့ ပတ်သက်လို့ FSG ကို ထိုက်တန်တဲ့ အသိအမှတ်ပြုမှုတွေ မရှိဘူးလို့ ကာရေဂါ သုံးသပ်

လီဗာပူးအသင်းပိုင်ရှင်တွေဖြစ်တဲ့ FSG ဟာ ၂၀၁၀ မှာ ရောက်လာပြီးကတည်းက ကလပ်ကို ပြောင်းလဲပေးခဲ့တဲ့အတွက် သူတို့နဲ့ ထိုက်တန်တဲ့ ချီးကျူးမှုကို မခံရဘူးလို့ အန်ဖီးကို တစ်ကျော့ပြန်လာချိန် LFC TV နဲ့ တွေ့ဆုံမှုမှာ ဂျေမီကာရေဂါက ပြောပါတယ်။

လီဗာပူးဟာ နောက်ဆုံးဆယ်စုနှစ်အတွင်း ကွင်းတွင်းရော ကွင်းပြင်ပမှာပါ အင်အား ပိုပိုကောင်းလာခဲ့ပြီး အကြီးမားဆုံး ဆုဖလားတွေအတွက် ပြိုင်ဆိုင်နေသလို အသင်းသားတွေနဲ့ နည်းပြအဖွဲ့တွေအတွက် အကောင်းစား အထောက်အပံ့တွေ ပေးနိုင်နေတာ ဖြစ်ပါတယ်။

ဥရောပစူပါလိဂ်မှာ ပါဝင်ဖို့ ရွေးချယ်ခြင်းကြောင့် အသင်းပိုင်ရှင်တွေအပေါ် ဆန္ဒပြမှုတွေ ရှိကြပေမယ့် FSG ဟာ သူတို့ရဲ့ အမှားကို သိပြီးနောက်မှာ ပြန်လည် ပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး လက်မှတ်ဈေးနှုန်းနဲ့ ပတ်သက်လို့ ပရိသတ်တွေရဲ့ အဆိုပြုချက်ကိုလည်း နားထောင်ပေးကာ လာမယ့်ရာသီမှာတော့ ၇ ရာသီဆက်တိုက် လက်မှတ်နှုန်း မတက်ဘူးလို့ အတည်ပြုထားပါတယ်။

သမိုင်းဝင် အန်ဖီးကွင်းကို ပြန်လည်အဆင့်မြှင့်တင်မှုတွေ လုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး မဲလ်ဝုဒ်အစား လီဗာပူးရဲ့ အက်ဆာလေ့ကျင့်ရေးစင်တာ တည်ဆောက်မှုတွေအတွက် ဦးဆောင်ပေးနိုင်ခဲ့တယ်။ ကာရေဂါနဲ့ ကစားသမားဟောင်းတွေဟာ လီဗာပူးရဲ့ လေ့ကျင့်ရေးကွင်းသစ်ကို ပထမဆုံးအကြိမ် သွားလည်ခဲ့ပြီးနောက် ပထမအသင်းကြီးနဲ့ အကယ်ဒမီကြယ်ပွင့်တွေအတွက် အထောက်အပံ့ကောင်းတွေကို မြင်ရပြီး အံ့ဩခဲ့ရပါတယ်။

“ ကျွန်တော် ပထမဆုံးအကြိမ် အက်ဆာကို ရောက်ဖူးတာပါ။ မယုံနိုင်စရာ ကောင်းခဲ့တယ်လို့ ပြောရမယ်။ လီဗာပူးက အကောင်းဆုံးတွေနဲ့ ထိုက်တန်ပြီး ကစားသမားတွေကလည်း အကောင်းဆုံးနဲ့ ထိုက်တန်တယ်။ ဘာလို့လဲဆိုတော့ သူတို့က ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်း မို့လို့ပဲ။

ဒီမှာရှိနေတဲ့ အထောက်အပံ့တွေ၊ ကျွန်တော် အခု ကြည့်နေတဲ့ အဓိက ပွဲကြည့်စင်နဲ့ ပတ်သက်ပြီး သူတို့ လုပ်ပေးခဲ့တာတွေအတွက် FSG ကို ချီးကျူးရမယ်။ Anfield Road မှာ တည်ဆောက်နေတာတွေ နောက် လေ့ကျင့်ရေးကွင်းသစ်ကြီးက ဥရောပမှာ အကောင်းဆုံးလို့ ပြောလို့ရလောက်ပါတယ်။

ကျွန်တော် မဲလ်ဝုဒ်ကို ချစ်တယ်။ အဲ့ဒါက ကျွန်တော့်ရဲ့ အမှတ်တရတွေ စတင်လာတဲ့ နေရာပဲ။ အဲ့တာကို ဘယ်တော့မှ ပြောင်းလဲမှမဟုတ်ပါဘူး။ ဒါပေမယ့် အခု အက်ဆာ လေ့ကျင့်ရေးစင်တာကလည်း သိပ်ကောင်းပါတယ် ” လို့ ကာရေဂါက ဆိုပါတယ်။

ပထမအသင်းကြီးနဲ့ အကယ်ဒမီကြယ်ပွင့်တွေ ပါဝင်တဲ့ အားလုံးအတူ လေ့ကျင့်ရေးဆင်းလို့ရတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ ကလပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးတော့လည်း ကာရေဂါက ထောက်ခံပါတယ်။

“ အဲ့ကိစ္စကို ကျွန်တော် အမြဲတမ်း ထောက်ခံခဲ့ပါတယ်။ မဲလ်ဝုဒ်မှာ ကျွန်တော်တို့ စတင်ခဲ့တုန်းက စီနီယာနဲ့ လူငယ် အားလုံးအတူတူ ရှိခဲ့တယ်။ ပြီးတော့မှ အကယ်ဒမီကို တည်ဆောက်ခဲ့တာပါ။ အဲ့လို ခွဲထားတာက ကလပ်အတွက် မကောင်းဘူးလို့ ကျွန်တော် အမြဲ တွေးခဲ့ပါတယ်။ အဲ့ဒါက ဘယ်လောက် ကွာခြားသွားလဲဆိုတာ ဘယ်သူသိမှာလဲ။

အခုလို အားလုံးကို ပေါင်းထားတာက ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ လူငယ် ကစားသမားတစ်ယောက် အနေနဲ့ ပထမအသင်းကြီးနဲ့ လေ့ကျင့်တာမျိုး ဒါမှမဟုတ် ခါဘီကနေ မဲဝုဒ်ကို လိုက်ပါရတာမျိုးလောက် ကောင်းတဲ့ အရာမရှိပါဘူး။ နည်းပြက ကစားသမားတွေကို သိပါတယ်။ သူတို့တွေ တခန်းထဲအတူ ညစာစားကြပြီး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးလာမယ်။ ဒါက သေချာပေါက် အကူအညီ ဖြစ်စေတယ် ထင်ပါတယ်။

အသင်းပိုင်ရှင်တွေက ပရိသတ်တွေဆီကနေ ဘာချီးကျူးဂုဏ်ပြုမှုမှ မရဘူးလို့ ကျွန်တော်မြင်တယ်။ ဒါပေမယ့် FSG က လီဗာပူးမှာ သိပ်ကောင်းတဲ့အလုပ်ကို လုပ်ခဲ့တာပါ။ ကျွန်တော်တို့က အောင်မြင်မှုတွေရနေတယ်။ ကျွန်တော်တို့ လူသစ်ခေါ်ယူမှုနဲ့ပတ်သက်ပြီး ကမ္ဘာတဝှမ်းကို အနှံ့ရှာဖွေမှုတွေ လုပ်တယ်။

ပြီးတော့ ကမ္ဘာ့အကောင်းဆုံး လေ့ကျင့်ရေးကွင်း တစ်ကွင်းကို ရထားပါတယ်။ ကျွန်တော်တို့ အန်ဖီးမှာပဲဆက်နေပြီး ကွင်းနေရာ ပြောင်းလဲဖို့ မလိုအောင် လုပ်နိုင်ခဲ့ပါတယ် ” လို့ သုံးသပ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

FSG ဟာ စာချုပ် ၁ နှစ်ပဲကျန်တဲ့ ဆာလာ၊ မာနေး၊ ဖာမင်နိုတို့ရဲ့ အနာဂတ်ကို ဘယ်လို စီမံမလဲအပေါ် အားလုံးက စောင့်ကြည့်နေဆဲဖြစ်ပြီး ဒါက ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နေပါတယ်။ ဒီကိစ္စကို အကောင်းဆုံး ဖြေရှင်းနိုင်မယ်ဆိုရင် FSG အပေါ် ပရိသတ်တွေရဲ့ ထောက်ခံမှုက ပိုမို မြင့်တက်လာနိုင်ပြီး မဟုတ်ရင်တော့ ဆိုးရွားတဲ့ တုန့်ပြန်မှုတွေကို ရင်ဆိုင်ရနိုင်တာ ဖြစ်ပါတယ်။