ပြင်ပက ပေးတဲ့ ဖိအားတွေကို လက်မခံဘဲ မန်စီးတီးက အရေးသာပါတယ်လို့ ဘန်းစ် သုံးသပ်

မတ်လ နိုင်ငံတကာ သီတင်းပတ်ဟာ ကလပ်အဆင့်မှာ အကောင်းဆုံး အနေအထားတွေ ပိုင်ဆိုင်နေတဲ့ လီဗာပူးရဲ့ အရှိန်အဟုန်ကို လမ်းချော်သွားစေမှာ မဟုတ်ဘူးလို့ အနီရောင် တိုက်စစ်သမားဟောင်း ဂျွန်ဘန်းစ်က ဆိုပါတယ်။

လီဗာပူးဟာ အထင်ကြီးစရာ ပုံစံကောင်းကို ရရှိနေပြီး နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲဆက် အနိုင်ရခဲ့ပါတယ်။ ဒီလအစောပိုင်းက အမ်းမရိတ်စ်မှာ လီဗာပူးအသင်းက အာဆင်နယ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တာက အသင်းကို ဇယားထိပ်က မန်စီးတီးနဲ့ တစ်မှတ်သာ ကွာဟစေတော့တာပါ။

ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ နောက်ဆုံးလိဂ်ပွဲမှာ ပဲလေ့စ်ကို ဂိုးမရှိ သရေကျခဲ့ပြီး ဖေဖော်ဝါရီတုန်းကလည်း စပါးက ၃-၂ နဲ့ အနိုင်ယူခြင်းကို ရင်ဆိုင်ခဲ့ရပါတယ်။ လီဗာပူးနဲ့ လိဂ်ဖလား နှစ်ကြိမ် အောင်မြင်ခဲ့တဲ့ ဘန်းစ်က ဧပြီ၁၀ ရက်နေ့ အီသီဟဒ်က ထိပ်တိုက်တွေ့ဆုံမှုဟာ ဒီရာသီကို အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ထင်မြင်နေတာပါ။

“ စီးတီးဟာ သူတို့ အနိုင်ရခဲ့သင့်တဲ့ပွဲကို သရေကျခဲ့ပေမယ့် ဆိုးဆိုးရွားရွား ကစားခဲ့တာ မဟုတ်ပါဘူး။ လီဗာပူးနဲ့ မန်စီးတီး နှစ်သင်းလုံးက ဒီရာသီမှာ ကျန်တဲ့ပွဲအများစုကို အနိုင်ယူနိုင်ပါတယ်။ သူတို့ ထိပ်တိုက်တွေ့မယ့်ပွဲကပဲ ချန်ပီယံ အဆုံးအဖြတ် ပေးလိမ့်မယ်။

စီးတီးက အိမ်ကွင်းဖြစ်ပြီး လက်ရှိမှာ ဦးဆောင်နေတဲ့အသင်းပါ။ မန်စီးတီးက အနည်းငယ် အသာစီးရနေဆဲဆိုပေမယ့် လီဗာပူးက လွန်ခဲ့တဲ့ ၆ ပတ်ကထက်စာရင် ပိုကောင်းမွန်တဲ့ အခွင့်အရေးကို ရရှိထားပါတယ်။ နိုင်ငံတကာ သီတင်းပတ်ကြောင့် လီဗာပူးရဲ့ အရှိန်က လျော့ကျသွားမှာ မဟုတ်ပါဘူး။

လီဗာပူးက ပြိုင်ပွဲစုံ၊ အဆင့်အတန်းအားလုံးမှာ ယှဉ်ပြိုင်နိုင်တဲ့ တောင့်တင်းတဲ့အသင်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် လီဗာပူးနဲ့ စီးတီးတို့ဟာ တည်တည်ငြိမ်ငြိမ် ကစားနေပြီး အဆုံးသတ်အထိ ဘယ်သူ အနိုင်ရသွားမလဲဆိုတာ မသိနိုင်ပါဘူး ” လို့ ဘန်းစ်က ပြောဆိုခဲ့ပါတယ်။

လီဗာပူးဟာ ကာရာဘောင်းဖလား အောင်မြင်ခဲ့ပြီးဖြစ်ပြီး ပြိုင်ပွဲအားလုံးမှာ ယှဉ်ပြိုင်နေဆဲ ဖြစ်ပါတယ်။ ကလပ်ဟာ ဧပြီ ၅ ရက်နေ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ပေါ်တူဂီ အင်အားကြီး ဘင်ဖီကာနဲ့ တွေ့ဆုံရမှာဖြစ်ပြီး ၁၀ ရက်နေ့ မန်စီးတီးနဲ့ ပွဲပြီးင် ၁၆ ရက်နေ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ မန်စီးတီးနဲ့ပဲ ထပ်မံတွေ့ဆုံရဦးမှာပါ။

သမိုင်းဝင် ဖလားလေးလုံး အောင်မြင်မှု ဖြစ်ပေါ်လာရေး မီဒီယာတွေ့က တရစပ် ဖော်ညွှန်းနေကြပေမယ့် အခုချိန်မှာ အဲ့လို ကိစ္စတွေကို မှန်းမျှော်နေဖို့ အနည်းငယ် အလှမ်းဝေးနေတယ်လို့ ဘန်းစ်က ယုံကြည်နေပါတယ်။

“ ဒါက ဖြစ်နိုင်ပေမယ့် မဖြစ်နိုင်လောက်ပါဘူး။ ချန်ပီယံလိဂ်မှာ ပွဲတွေအများကြီး ကျန်နေသေးပြီး အက်ဖ်အေဖလားမှာ စီးတီးနဲ့ တွေ့ရမှာပါ။ အားလုံးမှာ အနိုင်ရဖို့ မျှော်လင့်ထားတာက လက်တွေ့မကျပါဘူး။ ဒါပေမယ့် အခွင့်အရေးရှိနေတာတော့ ကောင်းပါတယ်” လို့ မှတ်ချက်ပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဘန်းစ်ကတော့ အသင်းဟောင်းကို ဆုဖလားတွေမှာ ဖိအားတွေပေးကြမယ့် အနေအထားကို ရှောင်ဖယ်လိုနေဟန်ရှိပြီး ပရီးမီးယားလိဂ် ပြိုင်ဆိုင်မှုမှာ မန်စီးတီးက ပိုသာကြောင်းနဲ့ တစ်ရာသီ ဆုဖလား ၄ လုံးဆိုတာကလည်း အခုချိန်မှာ မဖြစ်နိုင်သေးဘူးလို့ ထုတ်ဖော် သတိပေးသွားတာ ဖြစ်ပါတယ်။