လီဗာပူးအသင်းပိုင်ရှင် FSG ရဲ့ ကောင်းကွက်၊ ဆိုးကွက်နဲ့ သူတို့အပေါ် ပရိသတ် ထောက်ခံမှု နှုန်းထား

မတ်လ နိုင်ငံတကာ သီတင်းပတ်မှာတော့ ဗြိတိန်သတင်းဌာန ဒေးလီးမေလ်းကနေပြီး ပရီးမီးယားလိဂ် ဘောလုံးပရိသတ်တွေကြားမှာ စစ်တမ်းတစ်ခု ကောက်ယူခဲ့ပါတယ်။

ဘောလုံးပရိသတ် ၁ သိန်းကျော်ကနေပြီး ပရီးမီးယားလိဂ် ပိုင်ရှင် ၂၀ ဦးထဲမှာ ကလပ်တွေအတွက် အကျိုးအဖြစ်ဆုံး ပိုင်ရှင်တွေကို ရွေးထုတ်ခဲ့ကြတာဖြစ်တယ်။ အဆိုပါ စစ်တမ်းမှာတော့ လီဗာပူးပိုင်ရှင်တွေဖြစ်တဲ့ FSG က ထောက်ခံနှုန်း ၈၈.၆% ရခဲ့ကာ ကြီး ၆ ကြီးထဲမှာတော့ ချယ်ဆီး၊ မန်စီးတီးနောက် ထောက်ခံမှုနှုန်း တတိယအမြင့်ဆုံး အဖွဲ့အဖြစ် ရပ်တည်နေပါတယ်။

ချယ်ဆီးပိုင်ရှင် အေဘရာမိုဗစ်က ထောက်ခံနှုန်း ၉၂.၅%၊ မန်စီးတီးပိုင်ရှင် ရှိတ်မန်ဆော်က ထောက်ခံနှုန်း ၉၀.၅% ဖြစ်ပါတယ်။ စပါးပိုင်ရှင်တွေက ၇၆.၃%၊ အာဆင်နယ်ပိုင်ရှင်တွေက ၃၀.၃% နဲ့ ယူနိုက်တက် ပိုင်ရှင်တွေကတော့ ၄.၀၄% ဖြစ်ကြပါတယ်။ ပရီးမီးယားလိဂ်မှာ ပရိသတ် အကြိုက်ဆုံး ပိုင်ရှင်တွေက ဘရန့်ဖိုဒ့်၊ ဘရိုက်တန်၊ လိဒ်နဲ့ အက်စတွန်ဗီလာတို့ ဖြစ်ကြပါတယ်။

လီဗာပူးပိုင်ရှင်တွေဟာ နံပါတ် ၁၀ နေရာမှာ ရှိနေခဲ့ခြင်းဖြစ်ကာ လီဗာပူးအသင်းကို သူတို့ ပိုင်ဆိုင်လာတဲ့ ဆယ်စုနှစ်အတွင်းမှာ ပျှမ်းမျှ အဆင့်ရပ်တည်မှု ၄.၆ ဖြစ်ပြီး နောက်ဆုံး ၅ နှစ် ရပ်တည်မှုမှာတော့ ၃.၈ ဖြစ်ပါတယ်။

သူတို့ လက်ထက်မှာ ပရီးမီးယားလိဂ် (၁ ကြိမ်)၊ ချန်ပီယံလိဂ် (၁ ကြိမ်)၊ စူပါလိဂ် (၁ ကြိမ်)၊ ကလပ်ကမ္ဘာဖလား (၁) ကြိမ်၊ လိဂ်ဖလား (၂ ကြိမ်) အနိုင်ရခဲ့ပြီး လီဗာပူးရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ အအောင်မြင်ဆုံး ပိုင်ရှင်တွေအဖြစ် မှတ်တမ်းဝင်ပါတယ်။

FSG နဲ့ ပတ်သက်ပြီး ကောင်းကွက်ကတော့ ‘ ငွေရေးကြေးရေး ကြပ်တည်းတဲ့ အသင်းတစ်သင်း အဖြစ်ကနေ ဥရောပချန်ပီယံ၊ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာစေတယ်။ ယာဂင်ကလော့ပ်ကို ခန့်အပ်တာက ချက်ကောင်းထိတာဖြစ်ပြီး ပိုင်ရှင်တွေက ဂျာမာန်သား နည်းပြကို လီဗာပူးမှာ ပျော်ရွှင်နေအောင် ဆက်ထားနိုင်တယ်။

ကလပ်တွင်း အခြေခံ အဆောက်အဦးပိုင်းမှာလည်း ဆက်ပြီး တိုးတက်လာနေဆဲဖြစ်ပြီး ကွင်းတိုးချဲ့မှု၊ လေ့ကျင့်ရေးစင်တာသစ်တွေ တိုးတက်လာခြင်းက အကောင်းမြင်စရာဖြစ်ပါတယ် ’ လို့ ဖော်ပြခဲ့တယ်။

လီဗာပူးပိုင်ရှင်နဲ့ ပတ်သက်လို့ အဆိုးမြင်မှုကတော့ ‘ အသင်းပိုင်ရှင်တွေဘက်က ပြောဆို ဆက်ဆံမှု နည်းပါးခြင်းဖြစ်တယ်။ လူစာရင်းနဲ့ ပတ်သက်လို့ လုံလောက်တဲ့ ရင်းနှီးမြုပ်နှံမှု မရှိဘူး။ လက်မှတ်ခတွေကို ဈေးတက်ဖို့ ကြိုးစားခဲ့တယ် ’ လို့ ဖော်ပြခဲ့ပါတယ်။v