အန်ဖီးကို အထင်ကြီးတဲ့ ဂန္တဝင်ကြီး ရီဗယ်ဒို၊ မန်စီးတီးပွဲအတွက် ဂျရတ်ကို တွန်းအားပေးကြခြင်း

မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ လီဗာပူး ဂန္တဝင်အသင်းနဲ့ ဘာစီလိုနာ ဂန္တဝင်အသင်းတို့ရဲ့ ရံပုံငွေပွဲ ယှဉ်ပြိုင်ကစားမှုမှာတော့ ဘာကာဘက်က ၂-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။

လီဗာပူးအသင်းကို အသင်းခေါင်းဆောင်အဖြစ် စတီဗင်ဂျရတ် ဦးဆောင်ခဲ့သလို ဘာစီလိုနာအသင်းအတွက် ဘရာဇီးအသင်းနဲ့ ကမ္ဘာဖလားချန်ပီယံဟောင်း ဂန္တဝင်ကြီး ရီဗယ်ဒိုက အသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခဲ့ပါတယ်။ ဟီးရိုးကြီးတွေကို တစ်ကျော့ပြန် အားပေးရခြင်းကြောင့် အန်ဖီးကွင်းမှာ ကွင်းပြည့်ခဲ့တယ်။

စတီဗင်ဂျရတ်က သူ့ကြောင့်ရတဲ့ ပင်နယ်တီကို ကိုယ်တိုင် အဆုံးသတ်ပြီး ဦးဆောင်ဂိုး ရယူပေးခဲ့ပေမယ့် ဘာစီလိုနာဘက်က ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ သွင်းဂိုးတွေ ရယူခဲ့ကာ ၂-၁ ဖြင့် အနိုင်ရသွားခဲ့ပါတယ်။

ဒီပွဲမှာတော့ လူးဝစ် ဂါစီယာက ပထမပိုင်းမှာ လီဗာပူးအတွက် ကစားပေးခဲ့ပြီး ဒုတိယပိုင်းမှာတော့ ရီဗယ်ဒိုနေရာ လူစားဝင်အဖြစ် ဘာစီလိုနာအတွက်လည်း ကစားပေးခဲ့ပါတယ်။ ဘောလုံးဂန္တဝင်ကြီး ရီဗယ်ဒို လူစားလဲချိန်မှာ အန်ဖီးကွင်းတစ်ခုလုံးက လက်ခုပ်သြဘာ ပေးခဲ့တာကြောင့် ရီဗယ်ဒိုကလည်း ပြုံးရွှင်စွာဖြင့် လက်ပြခဲ့တာကို မြင်ရတယ်။

ပွဲအပြီးမှာပဲ ဂန္တဝင်ကြီး ရီဗယ်ဒိုက ” သိပ်ကောင်းတဲ့ ခံစားချက်ကို ထပ်ရလိုက်ပြန်ပါပြီ။ အန်ဖီးက ကမ္ဘာအကောင်းဆုံး ဘောလုံးကွင်းတွေထဲက တစ်ကွင်းပါပဲ ” လို့ ချီးကျူးခဲ့တယ်။

ဒီပွဲအပြီးမှာ လီဗာပူး ဂန္တဝင်တွေက အင်တာဗျူးတွေ လုပ်ခဲ့ကြကာ LFC TV ကနေပြီး ဒေသခံ ကစားသမားလည်းဖြစ်၊ အသင်းအကယ်ဒမီက ထွက်ပေါ်လာသူတွေလည်းဖြစ်တဲ့ ကာရေဂါနဲ့ ဂျရတ်တို့ကို အင်တာဗျူးခဲ့တယ်။

LFC TV အစီအစဉ်မှူးက “ ဒီရာသီ နောက်ဆုံးပွဲမှာ မင်း ငါတို့ကို အကူအညီလေး ပေးဖို့ မျှော်လင့်တယ်ကွား ” လို့ ဂျရတ်ကို ပြောခဲ့သလို ကာရေဂါကလည်း “ စိတ်မပူပါနဲ့ ငါတို့ ဒီအကြောင်း စကားပြောနေပါပြီ ” လို့ တုန့်ပြန်ရင်း ရယ်မောခဲ့ကြပါတယ်။

ဒီရာသီ ရာသီကုန်မှာတော့ အက်စတွန်ဗီလာဟာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ကစားရမှာဖြစ်ပါတယ်။ လီဗာပူးနဲ့ မန်စီးတီးဟာ အမှတ်ပေးဖလားမှာ အပြိုင်ဖြစ်နေခြင်းကြောင့် အဆိုပါပွဲမှာ ဂျရတ်ရဲ့ အသင်းက ရလဒ်ကောင်းမယ်ဆိုရင် လီဗာပူးအသင်းကို အကူအညီပေးခြင်း ဖြစ်လာပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ဂန္တဝင်များပွဲကတော့ အောင်အောင်မြင်မြင် ပြီးစီးခဲ့ပါပြီ။ များစွာသော ဟီးရိုးတွေဟာ အသင်းပရိသတ်တွေနဲ့ ပြန်လည်တွေ့ဆုံခွင့် ရခဲ့သလို သူတို့ခေတ်နဲ့မတူ ပြောင်းလဲသွားပြီဖြစ်တဲ့ လေ့ကျင့်ရေးကွင်းနဲ့ အိမ်ကွင်းကို မြင်တွေ့ခဲ့ရတယ်။ မော်ဒန်ခေတ်မှာ ကမ္ဘာအဆင့်ကို ပြန်လည် ထိုးတက်သွားတဲ့ လီဗာပူးရဲ့ အခြေအနေကောင်းတွေအတွက် သူတို့အားလုံးလည်း ပျော်ရွှင်နေခဲ့ကြတာ ဖြစ်ပါတယ်။