နွေအပြောင်းအရွှေ့မှာ လီဗာပူးဘက်က ရောင်းထုတ်သွားနိုင်တဲ့ အသင်းသား (၅) ဦး

ဒီနွေမှာတော့ လူစာရင်း အပြောင်းအလဲတွေ လုပ်ဦးမယ့် လီဗာပူးအသင်းဟာ စီနီယာကစားသမား (၅) ဦးလောက်ကို အရောင်းစာရင်း တင်သွားနိုင်ပါတယ်။

မီလ်နာ၊ အတ်ဒရီယန်၊ အိုရိဂီ၊ ကားရီးယက်စ်တို့ကို လက်လွတ်ရမယ့် လီဗာပူးဟာ လူငယ်ကြယ်ပွင့်တွေကို ခေါ်ယူသွားမယ်လို့ သတင်းထွက်ထားပြီး အသင်းလူစာရင်းကို ပြန်လည် စုဖွဲ့မှုတွေ လုပ်လိုစိတ် အားသန်နေပါတယ်။ ကစားသမားသစ် ဘယ်သူတွေ ရောက်လာမယ်ဆိုတာ မတိုင်ခင် ဘယ်သူတွေကော ထွက်သွားနိုင်လဲ ဖော်ပြသွားပါမယ်။

Joe Gomez

အသက် ၂၄ နှစ်ပဲရှိသေးတဲ့ ခံစစ်မှူး ဂိုးမက်စ်ဟာ ဒီနွေမှာတော့ အသင်းနဲ့ စာချုပ် ၂ နှစ်ပဲ ကျန်ရှိတော့မှာပါ။ လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့စဉ်နဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့စဉ်တွေမှာ အရေးပါခဲ့တဲ့ ခံစစ်မှူးဟာ မနှစ်ကရာသီ ဒဏ်ရာကြောင့် ကာလရှည် အနားယူရအပြီး ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရသူဖြစ်ပါတယ်။

လီဗာပူးအသင်းမှာ ကလော့ပ်ရဲ့ နည်းနစ်တွေကို ကစားနိုင်သူဖြစ်တဲ့ သူဟာ အင်္ဂလန်လက်ရွေးစင် တစ်ဦးလည်းဖြစ်ပြီး ဒီရာသီလို ပုံမှန်ကစားခွင့် မရဘဲဖြစ်နေမယ်ဆိုရင် နွေမှာ အသင်းကနေ ထွက်ခွာနိုင်ပါတယ်။ အက်စတွန်ဗီလာနဲ့ သတင်းကြီးထားတဲ့ ခံစစ်မှူးအတွက် လီဗာပူးက ပေါင် သန်း ၃၀ ဝန်းကျင် ဈေးရနိုင်ပါတယ်။

Nathaniel Phillips

ချန်ပီယံရှစ်ကလပ် ဘုန်းမောက်ကို ရာသီကုန်ထိ အငှားထွက်ကစားနေတဲ့ ခံစစ်သမားကို ရာသီကုန်ရင် အပြီးသတ်ဖြင့် ကမ်းလှမ်းလိမ့်မယ်လို့ သတင်းထွက်နေတယ်။ နက်ဖီးလစ်ဟာ ၂၀၂၅ ခုနှစ်ထိ ရှိနေမယ့် သက်တမ်းတိုးစာချုပ်ကို ဒီရာသီစကပဲ ချုပ်ဆိုထားတာဖြစ်ပါတယ်။ သူ့ကို ရောင်းထုတ်ဖို့ အသင်းဘက်က လမ်းဖွင့်ခဲ့ပေမယ့် ကလပ်တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းကို ပေးတဲ့ကလပ် မရှိထားသေးပါဘူး။

Neco Williams

ဇန်နဝါရီမှာ ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ်အသင်းထံ သွားကစားနေပြီး တောက်ပတဲ့ ခြေစွမ်းတွေ ပြသနေပါတယ်။ အသက် ၂၀ အရွယ် ညာအစွန်လူကို လီဗာပူးနည်းပြအဖွဲ့က အတော်လေး သဘောကျပြီး ထရန့်ရဲ့ အရန်အဖြစ် အသင်းမှာ ထားရှိလိုပါတယ်။ ဒါပေမယ့်လို့ ပုံမှန် ကစားခွင့်အရ နီကိုးက အသင်းပြောင်းခွင့်တောင်းရင်တော့ ထွက်ခွာခွင့်ပေးရဖွယ်ရှိတယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ စီနီယာအသင်းထံ ရောက်လာခဲ့သလို ထရန့်ရဲ့ နေရာမှာ အစားထိုး ကစားပေးရစဉ် များပြားတဲ့ တောင်းဆိုမှုတွေကြောင့် လူမှုကွန်ယက်ကနေ တိုက်ခိုက်ခြင်း ခံခဲ့ရတယ်။ အဲ့ဖြစ်ရပ်ကပဲ သူ့ရဲ့ တိုးတက်မှုကို နှောင့်နှေးစေခဲ့ပေမယ့် စိတ်ဓါတ်ပိုင်း ရင့်ကျက်လာစေခဲ့ပါတယ်။ ဒီနွေမှာ ပေါင် ၁၅ သန်း ဝန်းကျင်ရရင် ရောင်းထုတ်ပေးဖွယ် ရှိပါတယ်။

Alex Oxlade-Chamberlain

အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူဟာ လီဗာပူးနဲ့ စာချုပ် ၁ နှစ်ပဲ ကျန်ရှိတော့တာဖြစ်ပြီး သူ့ကို ဈေးကွက်တင်မယ့် အရိပ်အယောင် မပြသေးပေမယ့် ဒီနွေမှာ ထွက်ခွာလိမ့်မယ်လို့ သုံးသပ်ခံနေရတယ်။ ချိန်ဘာလိန်နဲ့ ကိတ်တာတို့ဟာ အသင်းအရေးကြီး လိုအပ်ချိန်တွေမှာ ဒဏ်ရာတွေကြောင့် လူစာရင်းအတွက် အကူအညီပေးရေး ရုန်းကန်နေရတယ်။

လီဗာပူးအသင်းဘက်က နှစ်ဦးထဲက တစ်ဦးကို ဆက်ထိန်းမယ်ဆိုရင် ကိတ်တာကို ထိန်းမယ်လို့ သတင်းထွက်ထားပြီး ချိန်ဘာလိန်ကတော့ ဒီနွေမှာ အန်ဖီးကနေ ထွက်ခွာသွားဖွယ် ရှိပါတယ်။ အသင်းက သူ့အတွက် များပြားတဲ့ ပြောင်းရွှေ့ကြေး မျှော်လင့်လို့ မရနိုင်ပါဘူး။

Takumi Minamino

အသက် ၂၇ နှစ်အရွယ် ဂျပန်သား တိုက်စစ်သမားဟာ ဒီရာသီမှာ လီဗာပူးအတွက် ဖလားပွဲတွေအတွင်း ခြေစွမ်းပြထားသူပါ။ သူဟာ ကလော့ပ် လိုအပ်တိုင်းမှာ အမြဲတမ်း အဆင်သင့်ရှိနေခဲ့သူဖြစ်ပါတယ်။ လာမယ့်ရာသီမှာတော့ လီဗာပူးအသင်းမှာ ဆက်နေဖို့ မသေချာသေးဘဲ နည်းပြဟောင်းရှိရာ လိဒ်အသင်းထံ ပြောင်းရွှေ့နိုင်တယ်လို့ သတင်းထွက်ထားတယ်။ ကလပ်ကတော့ သူ့ကို ရောင်းချရမယ်ဆိုရင် ပေါင် ၂၅ သန်းလောက်ထိ အလိုရှိပါတယ်။