ပရီးမီးယားလိဂ် အမြန်ဆုံး ကစားသမားစာရင်းမှာ ဆာလာ နည်းတူ ပါဝင်လာတဲ့ အီဘူး

ခံစစ်မှူး ကိုနတေးဟာ နယ်မြေသစ်မှာ အထိုင်ကျဖို့ ကြိုးစားနေကာ အထင်ကြီးလောက်ဖွယ် စွမ်းဆောင်ရည်အဖြစ် ဒီရာသီ လီဗာပူးအတွက် ၁၉ ပွဲ ပွဲထွက်ရာမှာ ရှုံးပွဲ မရှိသေးကာ ၁၄ ပွဲကို အနိုင်ရထားပါတယ်။

ဗန်ဒိုက်ရဲ့ တွဲဘက်အဖြစ် ဒီရာသီမှာ မာတစ်က အဓိက ကစားပေးနေကာ ကိုနတေးကလည်း တတိယဦးစားပေးအဖြစ် ပွဲထွက်နေတာဖြစ်တယ်။ အသက် ၂၂ နှစ်အရွယ် ခံစစ်သမားနဲ့ ပတ်သက်လို့ ကလော့ပ်က “ သူတို့လို လျှင်မြန်မှု၊ သန်မာမှုနဲ့ စွမ်းရည်ကောင်းတွေ ရှိသူအတွက် အခုအနေအထားက ပုံမှန်ပါပဲ။ ငယ်ရွယ်သေးတဲ့ အချိန်မှာ အာရုံစူးစိုက်မှုက ခဏခဏ ကျသွားတတ်ပါတယ် ” လို့ ဆိုထားခဲ့တယ်။

ကိုနတေးဟာ ရုပ်ပိုင်းဆိုင်ရာ တောင့်တင်း ကောင်းမွန်ပေမယ့်လို့ လီဗာပူးရဲ့ အဓိက ခံစစ်သမားတစ်ဦး ဖြစ်လာဖို့ ပွဲတိုင်းကို အမြင့်ဆုံး အာရုံစူးစိုက်မှုတွေမှာ သင်ယူဖို့ လိုအပ်နေသေးတယ်လို့ ကလော့ပ်က မြင်ပါတယ်။ ဒါကြောင့်လည်း ဖြေးဖြေးချင်း ပွဲထုတ်နေပြီး အသင်းရဲ့ နည်းစနစ်တွေကို သင်ယူနေစေတာပါ။

ဒါပေမယ့်လို့ ကလော့ပ် ပြောခဲ့သလို ကိုနတေးဟာ မြန်ဆန်တဲ့ ကစားသမားဆိုတာကိုတော့ ဒီရာသီ Opta ရဲ့ မှတ်တမ်းတွေက သက်သေထူနေပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံး ကစားသမားတွေအဖြစ် ရူဒီဂါ (36.7km/h) ထိပ်ဆုံးမှာ ရှိနေပြီး ဒုတိယနေရာမှာ ဆာလာ (36.6km/h) နဲ့ ထရာအိုရေးတို့ရှိနေတာပါ။ သူတို့ သုံးဦးနောက် အမြန်ဆုံး ကစားသမားက ကိုနတေး (36.2km/h) ပဲဖြစ်ပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ် အမြန်ဆုံးကစားသမားများ

  • 36.7 – Antonio Rüdiger
  • 36.6 – Mohamed Salah
  • 36.6 – Adama Traoré
  • 36.2 – Ibrahima Konaté
  • 36.1 – Ollie Watkins
  • 36.1 – Patson Daka

ကိုနတေးဟာ လက်စတာက တိုက်စစ်သမား ဒါကာထက်တောင် ပိုမြန်တဲ့နှုန်းကို ရထားတာဖြစ်တယ်။ ဒါကြောင့်လည်း လက်စတာကို ၂-၀ နဲ့ အနိုင်ရအပြီးမှာ ဗန်ဒိုက်က အီဘူးက “ရူးလောက်အောင် မြန်တယ်” လို့ တင်စားခဲ့တာဖြစ်ပါတယ်။

ဒီမှတ်တမ်းဟာ အီဘူးရဲ့ လီဗာပူးကစားသမားဘဝ အရမ်းကြီး အဆင်ပြေနေတယ်လို့တော့ သက်သေမပြနိုင်ပါဘူး။ ဒါပေမယ့်လို့ ခံစစ်ကို high line ကစားတဲ့ လီဗာပူးအတွက် ခံစစ်သမားတွေ သန်မာပြီး မြန်ဆန်တယ်ဆိုတာက အရေးပါလှတဲ့ နည်းစနစ်ပိုင်း အားသာချက်ပဲ ဖြစ်ပါလိမ့်မယ်။