ဆာလာကို သက်တမ်းမတိုးဘဲ အလွတ်နဲ့ ထွက်ခွင့်ပေးရင် ဘယ်တွေ ဖြစ်လာနိုင်သလဲ

လီဗာပူးဟာ ဆာလာအတွက် စာချုပ်သစ် ဆွေးနွေးမှုတွေမှာ တတ်နိုင်သမျှ အားလုံး လုပ်ခဲ့တယ်လို့ ယာဂင်ကလော့ပ်က ပြောဆိုခဲ့တာနဲ့အတူ စာချုပ်သစ် ဆွေးနွေးမှုတွေမှာ ကစားသမားနဲ့ အသင်းကြား သဘောတူညီမှု မရရှိသေးတာ ပေါ်လွင်လာပါတယ်။

ကလော့ပ်ရဲ့ မှတ်ချက်စကားတွေကို ဆာလာရဲ့ အေးဂျင့်က လေးစားမှုကင်းမဲ့စွာ ပြက်ရယ်ပြုခဲ့ပြီး မန်နေဂျာရဲ့ အပြောကို ခနဲ့တဲ့အနေနဲ့ တွစ်တာမှာ လှောင်ရယ်နေတဲ့ အီမိုဂျီပေါင်းတွေ ရေးတင်ခဲ့ပါတယ်။ ဆာလာနဲ့ လီဗာပူးတို့ရဲ့ ဒီဇင်ဘာတည်းက စာချုပ်သစ် ဆွေးနွေးမှုက တိုးတက်လာခြင်း မရှိခဲ့ပါဘူး။

ပြဿနာက လီဗာပူးက သူတို့ရဲ့ ကမ်းလှမ်းမှုဟာ သင့်တော်တယ်လို့ ယုံကြည်နေပေမယ့် ကစားသမားဘက်ကတော့ အဲ့ဒီ့ထက်ပိုပြီး တန်ဖိုးထားသင့်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။ ဒါက ဘယ်သူ အရင်အလျော့ပေးမလဲ ပြိုင်ကြတဲ့ ပွဲတစ်ခုလို ဖြစ်နေပြီး တစ်ဖက်ဖက်က မလျော့ပေးဘဲတော့ အဆင်ပြေနိုင်ဖို့ ခက်ခဲသွားပါမယ်။

လွန်ခဲ့တဲ့ ရာသီအနည်းငယ်အတွင်း ဆာလာရဲ့ တဟုန်ထိုး တိုးတက်လာမှုကြောင့် လီဗာပူးကနေ သူထွက်ခွာဖို့ဆိုတာ စဉ်းစားလို့တောင် မရတဲ့အရာပါ။ ဆာလာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်နေပြီး အဆိုးဆုံးအနေနဲ့ သူ ထွက်သွားဖို့ ဖြစ်လာခဲ့ရင် ဘာတွေ ဖြစ်ပျက်ကုန်မှာလဲ။

လီဗာပူးသတင်းထောက် Ian Doyle ရဲ့ အကျဉ်းသုံးသပ်ချက်ကို ဖော်ပြသွားပါမယ်။

ဂန္တဝင်မှတ်တမ်း အစွန်းအထင်း

စာချုပ်ပြဿနာကြောင့် ဆာလာက လီဗာပူးကနေ ထွက်သွားခဲ့ရင် သူ ဘယ်ကိုပဲ သွားပါစေ အန်ဖီးမှာ သူ့ရဲ့ ဂန္တဝင်ဂုဏ်ပုဒ်က စွန်းထင်းသွားပါလိမ့်မယ်။ နွေတုန်းက အဓိက ကစားသမားတွေကို သက်တမ်းတိုးခဲ့သလို ဇန်နဝါရီမှာ ဒီယက်စ်ကို ခေါ်ယူခြင်းနဲ့အတူ လီဗာပူးဟာ ကလပ်ရဲ့ ရည်မှန်းချက်ကို ပြသခဲ့ပြီး လက်ရှိမှာ လီဗာပူးက ကမ္ဘာ့အကောင်းဆုံး အသင်းတွေထဲ တစ်သင်း ဖြစ်နေတာပါ။

ဒီလို အခြေအနေဖြစ်နေတာတောင် ဆာလာက တခြားအသင်းဆီ ထွက်သွားမယ်ဆိုရင် ကစားသမားဘဝ တစ်ဆင့်တက်ခြင်းထက် အောက်ကို ခုန်ဆင်းသလို ဖြစ်လာပါလိမ့်မယ်။ ဆာလာရော သူ့ရဲ့အေးဂျင့်ပါ သူတို့ကိုယ်သူတို့ တန်ဖိုးကျချင်မှာ မဟုတ်ပါဘူး။

ငွေရေးကြေးရေးမှာတော့ ဆာလာရဲ့ လုပ်ခဟာ တခြားနေရာမှာဆိုရင် လက်ရှိ လီဗာပူး ကမ်းလှမ်းတာထက် ပိုပြီး ရရှိနိုင်ဖွယ် ရှိပါတယ်။ ဒါပေမယ့် သူက လီဗာပူးအတွက် ကစားပေးရသလိုမျိုး တခြားအရာတွေတော့ ပိုင်ဆိုင်မှာ မဟုတ်ပါဘူး။ ကော်တင်ညို၊ ဝိုင်နယ်ဒန်နဲ့ အမ်မရီချန်တို့ကို ကြည့်မယ်ဆိုရင် မတူညီတဲ့ ထွက်ခွာမှုတွေမှာ တူညီတာတစ်ခုကတော့ အန်ဖီးကနေ ထွက်သွားတာက အဆင်မပြေခဲ့ဘူးဆိုတာပါပဲ။

အစားထိုးစရာ ခေါ်ယူမှု

လီဗာပူးဟာ ဆာလာကို အလွတ်နဲ့ ထွက်ခွာခွင့် ပေးလိုက်ရရင် ၂၀၂၃ ခုနှစ်မှာ အလားတူ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် တခြား နာမည်ကြီး ကစားသမားများစွာ ရှိပါတယ်။ ဂနာဘရီ၊ လီဝန်ဒေါစကီး၊ ဘန်ဇီးမားတို့ အပါအဝင်ပါ။ ဒါပေမယ့် လီဗာပူးက အောင်မြင်မယ့် အလားအလာရှိပြီး ငယ်ရွယ်တဲ့ ကစားသမားမျိုးကို ပိုအလိုရှိမှာဖြစ်တယ်။

ဆာလာလို ပေါင် သန်း ၁၀၀ လောက်တန်တဲ့ ကစားသမားကို အလွတ်နဲ့ ထွက်ခွင့်ပေးဖို့က မလွယ်ကူသလို အကောင်းဆုံး ဖြစ်မှာ မဟုတ်ပေမယ့် ဆာလာ ထွက်ခွာသွားရင် အရေးပေါ် အစီအစဉ်တစ်ခု ရှိရမှာဖြစ်ပါတယ်။ ၂၀၂၃ မှ အလွတ်နဲ့ ထွက်ခွင့်ပေးတာထက် ဒီနွေမှာတင် တန်ကြေးတစ်ခုနဲ့ ရောင်းချတာမျိုး ဖြစ်လာမလားဆိုတာ ရာသီကုန်လောက်မှာ မြင်ရနိုင်ပါတယ်။

ဆာလာကို အလွတ်နဲ့ လက်လွတ်လိုက်ရတာမျိုး ဘယ်တော့မှ မကြုံရဖို့ လီဗာပူးပရိသတ်တွေ မျှော်လင့်နေမှာဖြစ်ပေမယ့် လူသစ်ခေါ်ယူမှုနဲ့ ပတ်သက်ရင် လီဗာပူးက အထင်းကြီးဖွယ် လုပ်နိုင်စွမ်းရှိပါတယ်။ ဒီလို အနေအထားက FSG ရဲ့ ကနဦးကာလမှာ မြင်ခဲ့ရပြီး တောရက်စ်နေရာ ဆွာရက်စ်နဲ့ ချက်ခြင်း အစားထိုးနိုင်ခဲ့ပါတယ်။

ပြိုင်ဘက်တွေရဲ့ အင်အားတောင့်တင်းမှု

လီဗာပူးက ဆာလာ နေရာကို အစားထိုးနိုင်ရင်တောင်မှ ဆာလာကို တခြားထိပ်တန်း အသင်းတစ်သင်းဆီ ဆုံးရှုံးလိုက်ရရင် ဆုဖလား စိန်ခေါ်မှုတွေမှာ ပြိုင်ဘက်တွေကို အများကြီး အင်အားကြီးသွားစေနိုင်ပါတယ်။ ဆာလာဟာ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ၊ ဒါမှမဟုတ် ချန်ပီယံလိဂ် အောင်မြင်နိုင်တဲ့ တခြားအသင်း တစ်သင်းဆီ ရောက်သွားရင် လီဗာပူးရဲ့ ဥရောပဖလား အောင်မြင်နိုင်ဖို့ အခွင့်အရေးက မဖြစ်နိုင်ဘူး မဟုတ်ရင်တောင် ပိုခက်ခဲသွားစေမှာပါ။

အင်္ဂလန်က ပြည်တွင်းပြိုင်ဘက် တသင်းသင်းဆီ ရောက်သွားရင်လည်း လီဗာပူးအတွက် ပိုပြီးတော့တောင် တိုက်ရိုက် အကျိုးသက်ရောက်မှုတွေ ရှိလာပါလိမ့်မယ်။ ဆာလာက ဘယ်အသင်းကိုမဆို ပိုပြီးကောင်းအောင် လုပ်ပေးနိုင်မှာ အသေအချာပါ။ လီဗာပူးအနေနဲ့ ပြည်တွင်းက အဓိက ပြိုင်ဘက်တစ်သင်းသင်းထံ ဆာလာကို လက်မလွတ်ရဖို့ လိုပါတယ်။

FSG မေးခွန်းများ

ဆာလာ ထွက်သွားရင် လီဗာပူးပရိသတ်တွေက FSG ရဲ့ ရည်မှန်းချက်တွေအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာမှာပါ။ အသင်းပိုင်ရှင်တွေက ကလပ်ရဲ့ လုပ်ခပိုင်း တည်ဆောက်မှုကို အလျှော့ပေးပြီး ကစားသမားရဲ့ တောင်းဆိုမှုကို လိုက်လျောပေးခဲ့သင့်လား ဆိုတဲ့ ဒွိဟတွေ ဖြစ်လာတော့မှာပါ။

လစာက ဘယ်လောက်တောင်းသလဲ? လီဗာပူးပေးတဲ့ အမြင့်ဆုံးလုပ်ခက ဘယ်လောက်လဲ? ဆိုတာတွေနဲ့ စာချုပ်သစ်ချုပ်ဖို့ ကိစ္စက မရိုးရှင်းပါဘူး။ ဒါပေမယ့် ဇာတ်လမ်းတစ်ခုလုံး ရှင်းရှင်းလင်းလင်း ဖြစ်သွားရင် လီဗာပူး အသင်းပိုင်ရှင်တွေအနေနဲ့ ဆာလာကို ထိန်းသိမ်းဖို့ကို လုံလုံလောက်လောက် ကြိုးစားအားထုတ်ခဲ့ရဲ့လားဆိုတဲ့ မေးခွန်းတွေ ချက်ချင်း ထွက်လာပါလိမ့်မယ်။

ဆာလာဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ပြီး အနည်းဆုံး နောက်ထပ် သုံးလေးရာသီလောက် အကောင်းဆုံး ခြေစွမ်းတွေကို မျှော်လင့်လို့ ရပါတယ်။ လီဗာပူးအနေနဲ့ သူ့ကို အချိန်တစ်ခုအထိ စာချုပ်ချုပ်ဖို့ တတ်နိုင်သမျှ အရာအားလုံး လုပ်ရမှာပါ။ အတိတ်က ဆွာရက်စ်နေရာ အကောင်းဆုံး အစားမထိုးနိုင်ခဲ့သလို တစ်ခုခု မှားယွင်းမှု ဖြစ်သွားမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်က အတော်လေး ကြီးမားနိုင်ပါတယ်။