ရိုဘိုနဲ့ ထရန့်ဟာ အစွန်လူအဖြစ် ကစားဖို့ကို မွေးဖွားလာကြသူတွေလို့ အော်ရယ်လီယို ချီးကျူး

လီဗာပူးပရိသတ်တွေက အော်ရယ်လီယိုဆိုတဲ့ ကစားသမားကို တော်ရုံ မေ့ခဲလှပါတယ်။ အိုးထရတ်ဖိုဒ့်မှာ ယူနိုက်တက်ကို ၄-၁ ဖြင့် အနိုင်ရစဉ် ထိုစဉ် လိဂ်အကောင်းဆုံး ဂိုးသမား ဗန်ဒါဆားတောင် ငုတ်တုတ်မေ့ရတဲ့ ဖရီးကစ်ဂိုးကို သွင်းယူခဲ့သူအဖြစ်ပါ။

ဒါ့အပြင် လီဗာပူးပရိသတ်တွေ အော်ရယ်လီယိုကို အမြဲ မှတ်မိနေမယ့် အခြားသော ကိစ္စလည်း ရှိပါသေးတယ်။ အဲ့တာကတော့ သူဟာ လီဗာပူးသမိုင်းမှာ ပထမဆုံးသော ဘရာဇီးကစားသမား ဖြစ်နေခြင်းကြောင့်ပါပဲ။ သူ့နောက်ပိုင်းမှ လူးကပ် အပါအဝင် အခြားသော ဘရာဇီးကစားသမားတွေဟာ မာဆေးဆိုဒ်မှာ အခြေချလာခဲ့ကြတာဖြစ်ပါတယ်။

ဘောလုံး အငြိမ်ထိန်းသိမ်းနိုင်စွမ်းနဲ့ တောက်ပံတလျှောက် တိုက်စစ်ဆင်ကစားပုံကြောင့် နာမည်ကြီးခဲ့တဲ့ အော်ရယ်လီယိုဟာ လီဗာပူးအတွက် နှစ်ကြိမ် လက်မှတ်ထိုးခဲ့သူဖြစ်ကာ အသင်းကနေ ထွက်ခွာသွားပြီးခါမှ စာချုပ်အလွတ်နဲ့ သူကို ကလပ်က တစ်နှစ် ထပ်ပြီး စာချုပ်ချုပ်ဆိုခဲ့ပါသေးတယ်။

အဆိုပါ ဘရာဇီး ဘယ်အစွန်လူဟာ လက်ရှိ လီဗာပူးမှာ သူ့နေရာကို ကစားနေတဲ့ နောက်ခံလူ အန်ဒီ ရော်ဘတ်ဆန်ရဲ့ အမာခံပရိသတ်တစ်ယောက် ဖြစ်ပါတယ်။

အော်ရယ်လီယိုက “ ကျွန်တော့် ကစားသမားဘဝအတွင်းမှာ ကြီးကျယ်တဲ့ ဘယ်အစွန်လူ အနည်းငယ်ကို မြင်တွေ့ခဲ့ရပါတယ်။ တချို့က ခံစစ်အရမ်းကောင်းတယ်၊ တချို့က တိုက်စစ်အရမ်းကောင်းတယ်။ ဒါပေမယ့် နောက်တန်းနေရာ တစ်ခုလုံးကို ကြည့်လိုက်ရင် ရော်ဘတ်ဆန်က ခံစစ်ရော တိုက်စစ်မှာပါ ပြီးပြည့်စုံပြီး ဂိုးတွေသွင်းယူနိုင်တယ်။

သူက လျင်မြန်တယ်၊ သက်လုံကောင်းတယ်၊ ထက်သန်တက်ကြွမှုရှိတယ်။ ဒီလို အရည်အချင်းကောင်းတွေကြောင့် သူက ထိပ်တန်းအဆင့်မှာ ရှိနေရမှာပါ။ သူ့ရဲ့ ကိန်းဂဏန်း အချက်အလက်တွေက ဒါကို သက်သေပြနေပါတယ် ” လို့ ချီးကျူးစကား ပြောဆိုခဲ့ပါတယ်။

လီဗာပူးရဲ့ တိုက်စစ်အင်အားတစ်ခုလုံးဟာ ကလော့ပ်လက်အောက်မှာ လုံးဝကြီး ပြောင်းလဲခဲ့ပြီး ဂျာမာန်သားဟာ နောက်ခံလူတွေကို တက်တက်ကြွကြွနဲ့ အရှေ့တက်ကစားပြီး ပြိုင်ဘက်တွေကို မွှေနှောက်ဖျက်ဆီးစေခဲ့တာပါ။ ရော်ဘတ်ဆန်နဲ့ အတွဲညီလှသလို ညာတောင်ပံမှာ လီဗာပူးအတွက် ထရန့် လုပ်ပေးနေတာတွေနဲ့ ပတ်သက်ပြီးတော့လည်း အော်ရယ်လီယိုက အလားတူ ချီးကျူးခဲ့ပါတယ်။

“ သူတို့က လိုအပ်တဲ့ နေရာတွေမှာ လုပ်ရမယ့် အရာအားလုံးကို လုပ်နိုင်ကြတယ်။ ရော်ဘတ်ဆန်လိုပဲ ထရန့်လည်း အတူတူပါပဲ။ နှစ်ယောက်လုံးက သိပ်ကို ပြီးပြည့်စုံတဲ့ နောက်ခံလူတွေပါ။ နှစ်ယောက်လုံးက တစ်ပွဲလုံးကို အရှေ့တက်လိုက်၊ အနောက်ပြန်ဆင်းလိုက်နဲ့ ကစားကြသူတွေ ဖြစ်ပါတယ်။

သူတို့လို အစွန်သမားတွေက အသင်းရဲ့ ကစားပုံမှာ အတော်များများ လွှမ်းမိုးထားတာပါ။ နှစ်ယောက်လုံးက အစွန်လူတွေဖြစ်ဖို့ မွေးလာတဲ့လူတွေဆိုတာ ကျွန်တော် ပြောနိုင်တယ် ” လို့ အော်ရယ်လီယိုက ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီး ဘယ်အစွန်လူဟာ ချစ်ကြည်ရေးပွဲကစားဖို့ လီဗာပူးကို ရောက်နေတာဖြစ်တယ်။ လီဗာပူး ဂန္တဝင်များအသင်းနဲ့ ဘာကာ ဂန္တဝင်များအသင်းဟာ မတ်လ ၂၆ ရက်၊ စနေနေ့ အန်ဖီးမှာ ယှဉ်ပြိုင်ကစားသွားကြမှာ ဖြစ်ပါတယ်။