သူ့ရဲ့ Idol က နေမာဖြစ်ခဲ့ကြောင်းနဲ့ လီဗာပူး အသင်းဖော် တိုက်စစ်သမား ၂ ဦးကို ဟာဗေး အမွှန်းတင်

ဟာဗေး အယ်လီးယော့က ကလေးတိုင်းအတွက် သူတို့ ကြီးလာတဲ့အခါ အတုယူချင်တဲ့ ကစားသမားမျိုး ဖြစ်လာချင်တယ်လို့ ပြောပြလာပါတယ်။

အသက် ၁၈ နှစ်အရွယ် တိုက်စစ်အားသန်လေးဟာ ဖေဖော်ဝါရီတုန်းက လီဗာပူးတို့ ကာရာဘောင်းဖလား အောင်မြင်ခဲ့ချိန် ဝင်ဘာလေမှာ ပင်နယ်တီ အဆုံးအဖြတ်တောင် ကန်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ အဆင့်မှာပဲ ရှိနေသေးပေမယ့်လို့ အနာဂတ်မှာ လူငယ်တွေ စံနမူနာယူရသူ ဖြစ်လိုသလို သူ့ရဲ့ ငယ်ဘဝ ဟီးရိုးက နေမာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါသေးတယ်။

“ နေမာက ကျွန်တော့်ရဲ့ အိုင်ဒေါဖြစ်ခဲ့တာပါ။ သူဘယ်ကနေ လာခဲ့ပြီး အခု ဘယ်အဆင့်ထိ ရောက်လာတယ်ဆိုတဲ့ နောက်ခံအကြောင်းကို သိရတာက အရမ်းကို စေ့ဆော်မှုပေးပါတယ်။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ကျွန်တော်က ပွဲထဲမှာ ဘယ်သူ့ကိုမှ မော်မကြည့်ပါဘူး။ အသင်းထဲမှာ ကျွန်တော်က လူတွေ လေးစားအားကျရတဲ့ ကစားသမား ဖြစ်ချင်တယ်။

ကျွန်တော် ကစားသမားတွေကို ကြည့်ပြီး သူတို့ရဲ့ လုပ်နည်းလုပ်ဟန်တွေကို လေ့လာ အတုယူပါတယ်။ ဒါပေမယ့် ကျွန်တော်က ကိုယ်ပိုင်လူတစ်ယောက်ဖြစ်ချင်တယ်။ ကိုယ်ပိုင်ဟန်နဲ့ ကစားချင်တယ်။ ဘယ်သူ့ကိုမှ လိုက်မတုပချင်ဘူး။ လူငယ်တွေ အားကျအတုယူနိုင်တဲ့ ကစားသမားတစ်ယောက် ဖြစ်ချင်ပါတယ် ” လို့ အယ်လီးယော့က ဆိုပါတယ်။

အယ်လီးယော့ဟာ နေ့တိုင်း လေ့ကျင့်ရေးမှာ ကမ္ဘာ့အဆင့် ကြယ်ပွင့်တွေ အုပ်စုလိုက်ကြီးကို တွေ့နေရသလို အသင်းဖော်တွေကို မလေးစားဘဲ မနေပါဘူး။ သူ့ရဲ့အသင်းဖော်တွေထဲမှာ သူ့ရဲ့ အိုင်ဒေါဟောင်း နေမာကို ကျော်ပြီး ကမ္ဘာ့ အန္တရာယ်အများဆုံး တိုက်စစ်မှူးဖြစ်လာတဲ့ ဆာလာအကြောင်းလည်း ပြောပါသေးတယ်။

“ မိုဆာလာက ကျွန်တော့်အမြင်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားပဲ။ ဘယ်သူက မိုဆာလာနဲ့ တွဲကစားရတာကို မကြိုက်ပဲနေမလဲ။ ညာခြမ်းမှာ ထရန့်ရှိပြီး ဒီလို ကစားသမား နှစ်ယောက်နဲ့ အတူကစားရတာက လူငယ်တိုင်းအတွက် အိမ်မက်တစ်ခုပါ ” လို့ အယ်လီးယော့က ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီမှာ ပေါ်တိုကနေ ရောက်လာပြီးကတည်းက သူ့ရဲ့ မယုံနိုင်စရာ စကေး၊ အရှိန်အဟုန်နဲ့ အန်ဖီးမှာ လူတိုင်းကို အထင်ကြီးစေခဲ့တဲ့ ဘယ်တောင်ပံသမား လူးဝစ် ဒီယက်စ်ကိုလည်း အထူးချီးကျူးခဲ့ပါတယ်။

အယ်လီးယော့က “ ဒီယက်စ်က ကောင်းမွန်တဲ့ ဘောလုံးသမားတစ်ယောက် ဖြစ်ပြီးသားပါ။ သူ လီဗာပူးကစားသမား ဖြစ်မလာခင်ကတည်းက သူ ဘယ်လောက် တော်လဲဆိုတာ အားလုံး မြင်နိုင်ပါတယ်။ ဒါပေမယ့် အခု သူက လီဗာပူးမှာ ရှိနေပြီဖြစ်သလို သူ ဘယ်လောက်တော်လဲ ဆိုတာ ပြသလိမ့်မယ်ဆိုတာ သေချာပါတယ် ” လို့ ပြောခဲ့တာဖြစ်ပါတယ်။