ခါဘီမှ အကယ်ဒမီနဲ့ စီနီယာကြား သက်ရောက်မှုတွေကို စတင် ပိုင်ဆိုင်လာနေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ တိုးချဲ့တည်ဆောက်ဖို့ရာ နေရာကျဉ်းမြောင်းမှုတွေကြောင့် ပထမအသင်း လေ့ကျင့်ရေးကစားကွင်းဖြစ်တဲ့ မဲဝုဒ်ကို စွန့်ခွာပြီး ခါဘီက အကယ်ဒမီကျောင်းဘေးမှာ ပထမအသင်း လေ့ကျင့်ရေးစင်တာကို အသစ်တည်ဆောက်ခဲ့ပါတယ်။

အက်ဆာလို့ နာမည်ပေးထားတဲ့ အဆိုပါ လေ့ကျင့်ရေးစင်တာကို အကယ်ဒမီနဲ့ စီနီယာအသင်းကြား အကောင်းဆုံး ပေါင်းစပ်နိုင်မယ့် နေရာတစ်ခုအဖြစ် ပြောင်းလဲ ဖန်တီးလာခဲ့တယ်။ ယခင်က မန်နေဂျာကလော့ပ်ထံ ခြေစွမ်း စမ်းသပ်ခံဖို့ မိုင်းများစွာ အကွာက လာရောက်ရတဲ့ အကယ်ဒမီအသင်းသားတွေဟာ အခုချိန်မှာ လွယ်လွယ်ကူကူပဲ အက်ဆာကို ခုန်ကူးလာလို့ ရနေခဲ့ပါပြီ။

လီဗာပူးရဲ့ အစီအစဉ်တွေက မျှော်လင့်ထားသလို အဆင်ပြေခဲ့တာတော့ မဟုတ်ဘဲ ကိုဗစ်ကပ်ဘေးကြောင့် အကယ်ဒမီနဲ့ စီနီယာကြားမှာ ကန့်သတ်ထားရမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လို့ အခုအချိန်မှာတော့ အခြေအနေတွေက ပိုမို ကောင်းမွန်တဲ့ အနေအထားတွေကို ဦးတည်လာနေခဲ့ပါပြီ။

ဒီရာသီမှာဆိုရင် တေလာမော်တန်၊ ကိတ်ဂေါ်ဒန်၊ ကော်နာ ဘရတ်ဒလေ အပါအဝင် အကယ်ဒမီ အသင်းသား ၁၀ ဦးလောက်ဟာ စီနီယာအသင်းထံ ပါဝင်မှုတွေ လုပ်ထားခဲ့ပါပြီ။ များစွာသော အကယ်ဒမီ အသင်းသားတွေဟာ ယာဂင်ကလော့ပ်ရဲ့ ရှေ့မှာ စီနီယာအသင်းနဲ့အတူ လေ့ကျင့်ခွင့်တွေ ရနေကြပြီဖြစ်တယ်။

လူငယ်တွေဟာ စီနီယာတွေရဲ့ လေ့ကျင့်မှုတွေကိုလည်း သင်ယူခွင့်ရနေသလို ကလပ်ရဲ့ လေ့ကျင့်ရေးဆိုင်ရာ အထောက်အပံ့တွေနဲ့ မတူကွဲပြားတဲ့ နည်းပြတွေထံက အကူအညီတွေ ရနေကြပြီဖြစ်တယ်။ ဥပမာအားဖြင့် စီနီယာအသင်းဟာ လက်မြောက်ဘော နည်းပြအဖြစ် Thomas Gronnemark ကို တာဝန်ပေးထားပေမယ့် ရာသီစတုန်းက အကယ်ဒမီ ကစားသမားတွေကိုလည်း သူက သင်တန်းပေးနေတာမျိုးတွေ ရှိထားပါတယ်။

ဒါ့အပြင် စီနီယာအသင်းရဲ့ ပွဲစဉ်တွေကို စိစစ်မှုတွေလုပ်ပေးတဲ့ ဌာနဟာ သက်တမ်းအလိုက် လူငယ်အသင်းတွေကို မျှဝေကူညီမှုတွေ လုပ်ပေးလာနိုင်တယ်။ စီနီယာအသင်းရဲ့ ကစားပုံကို လူငယ်အသင်းက ထပ်တူ ကူးချရတာမျိုး မဟုတ်ပေမယ့်လို့ နည်းစနစ်ပိုင်းဆိုင်ရာ တိုးတက်မှု ရှာဖွေရေးတွေမှာ အဆိုပါဌာနတွေရဲ့ အထောက်အပံ့တွေကို အကယ်ဒမီဘက်ကလည်း ယခင်ကထက် ပိုမို အသုံးချခွင့်တွေ ရနေခဲ့ပါတယ်။

ဒီရာသီ ကာရာဘောင်းလို ပြိုင်ပွဲမှာဆိုရင် ယာဂင်ကလော့ပ်ဟာ ဘလယ်၊ အိုဝင်ဘက်ခ်၊ ဒစ်ဇန်ဘွန်နာ၊ ဝုဒ်မန်း၊ နောရစ်တို့လို လူငယ်တွေကို စီနီယာအသင်းထံ ခေါ်ယူသွားနိုင်ခြင်းဟာ အသင်းနှစ်သင်းကြား ပေါင်းကူးမှုတွေကတင်ဆင့် သူတို့ရဲ့ အလားအလာကို ပိုမြင်လာနိုင်ခြင်းကြောင့် ဖြစ်ပါတယ်။

လီဗာပူးအကယ်ဒမီက စီနီယာအသင်းအတွက် အထောက်အပံ့ ပိုဖြစ်လာရေးကို ရည်ရွယ်ပြီး ကလပ်ဘက်က ကြိုးစားနေခြင်းဟာ လာမယ့်နှစ်တွေမှာ ပိုမို အကောင်အထည် ပေါ်လာဖို့ ရှိနေတယ်။ အနီးစပ်ဆုံးအားဖြင့် ဒီနွေ ရာသီကြို ခရီးတွေမှာ အကယ်ဒမီကြယ်ပွင့်တွေရဲ့ တိုးတက်မှုကို ပိုပြီး မြင်ရမယ်လို့ ယူဆရတာ ဖြစ်ပါတယ်။