ဒူဘိုင်းက ပြန်လည် ထူထောင်ရေးဆိုင်ရာ လေ့ကျင့်ရေးစင်တာကို ရောက်နေတဲ့ ထရန့်

ညာအစွန်လူ ထရန့်ဟာ တံကောက်ကြော ဒဏ်ရာကြောင့် အင်္ဂလန်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ကာ လက်ရှိမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို စတင်နေပါပြီ။

ပြီးခဲ့တဲ့အပတ် အာဆင်နယ်ကို ၂-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ပွဲချိန်ပြည့် ပါဝင်ကစားပြီးတဲ့နောက် သူဟာ ဒဏ်ရာကြောင့် လီဗာပူးရဲ့ လေ့ကျင့်ရေးကနေ ဖယ်ထုတ်ခံထားရတာပါ။ လက်ရှိမှာတော့ ဒူဘိုင်းက NAS Sports Complex မှာ ဒဏ်ရာကနေ ပြန်သက်သာလာရေး စတင် ကြိုးစားနေပြီဖြစ်ပါတယ်။

လက်တလော ဒူဘိုင်စင်တာမှာ ရှိနေတဲ့ ပရီးမီးယားလိဂ် ကစားသမားက ထရန့်တစ်ဦးတည်း မဟုတ်ဘဲ အန်ဒီဟောင်ရဲ့ နယူးကာဆယ် လူစာရင်းကလည်း လေ့ကျင့်ရေးတွေလုပ်ဖို့ ရောက်နေပါတယ်။ မနှစ်ကရာသီ ဒူးဒဏ်ရာကနေ ပြန်သက်သာလာဖို့ အဆိုပါစင်တာမှာ ဗန်ဒိုက် သွားရောက် လေ့ကျင့်ခဲ့သေးတာဖြစ်ပါတယ်။

အင်္ဂါနေ့ကပဲ သူ လေ့ကျင့်ရေး ပြန်ဝင်နေကြောင်းကို ထရန့်က “the comeback kid” ဆိုပြီး အင်စတာဂရမ်မှာ ဖော်ပြခ့တယ်။ ပြန်လည်ထူထောင်ရေး လေ့ကျင့်မှုတွေဟာ ဧပြီလ ၂ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ဝတ်ဖိုဒ့်ပွဲအမီ ပြန်သက်သာလာဖို့ မျှော်လင့်ရတာဖြစ်ပါတယ်။

ကလပ်ပွဲတွေ ပြန်စချိန်မှာ ဝတ်ဖိုဒ့်နဲ့ ပရီးမီးယားလိဂ်ပွဲကို အိမ်ကွင်းမှာ ရင်ဆိုင်အပြီး ချန်ပီယံလိဂ် အဝေးကွင်းပွဲအဖြစ် ဘင်ဖီကာ၊ နောက်ထပ် ပရီးမီးယားလိဂ် အဝေးကွင်းပွဲအဖြစ် မန်စီးတီးတို့ထံ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ ထရန့်ဟာ အဆိုပါပွဲတွေထဲက အစောဆုံးပွဲကို လွဲနိုင်တယ်လို့တော့ အသံထွက်နေပါတယ်။

လက်ရှိ လီဗာပူးအသင်းမှာ ညာအစွန်နေရာ ကစားပေးဖို့ ဝါရင့်ကစားသမား မီလ်နာနဲ့ ခံစစ်သမား ဂိုးမက်စ်တို့ ရှိနေပါတယ်။ မီလ်နာက ဒီအပတ် နားရက်ရထားပေမယ့် အက်ဆာမှာ လေ့ကျင့်ရေး ပြန်ဝင်နေပြီး ဂိုးမက်စ်ကလည်း ကြံ့ခိုင်မှု ပြန်ကောင်းနေတာဖြစ်ပါတယ်။