ကလော့ပ် ပွေ့ဖက်ရင် နာလား? အမေးကို ပြန်ဖြေတဲ့ ဟာဗေး၊ အယ်လီဆန်ပြောတဲ့ နည်းပြနဲ့ ဆက်ဆံရေး

ကစားပွဲတွေအပြီးမှာ ကလော့ပ်ရဲ့ စိတ်လိုက်မာန်ပါ ပွေ့ဖက်မှုတွေဟာ ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ အပြုအမှုတစ်ခုပါ။

ကလော့ပ်က သူ့ရဲ့ အသင်းသားတွေကို ခပ်ပြင်းပြင်း ပွေ့ဖက် အောင်ပွဲခံတတ်တာကပဲ ပိုပြီး လူကြိုက်များတဲ့ အကျင့်တစ်ခုလို ဖြစ်နေပါတယ်။ ရံဖန်ရံခါဆိုရင် ကစားသမားတွေကို ပွေ့ဖက်ရာမှာ ကိုယ်ရင်ဘတ် ကိုယ်ပုပ်ရုံတင် မကဘဲ အသင်းသားရဲ့ ကျောတွေကို သူ့အားကြီးနဲ့ ပုပ်ပုပ်ပြီး ပွေ့ဖက်လေ့ရှိတာပါ။

ပွဲအပြီး ကလော့ပ်ရဲ့ သူ့ဗလကြီးနဲ့ တင်းတင်းကျပ်ကျပ် ပွေ့ဖက်မှုတွေဟာ နားပါသလား? ဆိုတဲ့ မေးခွန်းကို မေးခံရချိန်မှာ ဟာဗေးက ငြင်းဆန်ခဲ့ပါတယ်။

” နိုး..။ နိုး..။ နွေးတောင်နွေးပါသေးတယ်။ ဟာသပြောတာပါ။ သူက ဖခင်တစ်ယောက်လို ဆက်ဆံတာပါ။ အားလုံးမြင်ကြပါလိမ့်မယ်၊ ကစားသမားတွေအပေါ် သူဘယ်လို ဆက်ဆံသလဲ၊ အသင်းသားတွေအပေါ် ဘယ်လိုဆက်ဆံတယ်၊ ပရိသတ်တွေနဲ့ ဘယ်လို အပြန်အလှန် တုန့်ပြန်လဲဆိုတာ မြင်ကြမှာပါ။

သူ့အလုပ်အတွက အကောင်းဆုံးလုပ်နိုင်သူဖြစ်ပါတယ်။ သင်ယူဖို့ရာ အကောင်းဆုံး လူတစ်ဦးလို့ ကျနော် ပြောချင်ပါတယ် ” လို့ ဟာဗေးက ဆိုခဲ့တယ်။

ဂိုးသမား အယ်လီဆန်ကလည်း ကလော့ပ်ဟာ ဖခင်တစ်ယောက်လို ဆက်ဆံတတ်သူဆိုကာ သူနဲ့ နည်းပြကြီးကြားက ဆက်ဆံရေးကို ဖွင့်ဟပါတယ်။

အယ်လီဆန်က ” ကျနော်တို့ကြား သိပ်ကောင်းတဲ့ ဆက်ဆံရေး ရှိပါတယ်။ ကျနော်အတွက်တော့ သူက ဖခင်တစ်ယောက်လိုပါပဲ။ ပထမဆုံးအကြိမ် FaceTime မှာ ကျနော်တို့ စကားပြောခဲ့စဉ်က ဖုန်းခေါ်တာဝင်သွားတာနဲ့ သူက စပြုံးတော့တာပဲ၊ ကျနော်ကလည်း ပြုံးပြီး ပြန်ကြည့်မိတယ်။ ကျနော်တို့ကြားမှာ ဆက်နွယ်မှုရှိတာကို အဲ့ကတည်းက မြင်ခဲ့ပါတယ်။

ဘဝအကြောင်း ကျနော်ရဲ့ ခံစားမှုတွေက သူ့ရဲ့ ဘဝအပေါ် ခံစားမှုတွေနဲ့ တူညီတယ်လို့ ထင်တယ်။ သူ့ရဲ့ လုပ်ပုံကိုင်ပုံကို သဘောကျတယ်၊ အသင်းအတွက် သက်သောင့်သက်သာ ခံစားတာနဲ့ ကျနော်တို့အတွက် ဖိအားတွေကို သူဖယ်ထုတ်ပေးတာတွေကို သဘောကျပါတယ်။ သူက အမြဲတမ်း ပျော်ရွှင်နေပြီး ကွင်းထဲမှာဆို သိပ်ကြိုးစားတဲ့၊ ကိုယ်အလုပ်ကို အလေးအနက်လုပ်တဲ့ ထိပ်တန်း မန်နေဂျာတစ်ဦးဖြစ်ပါတယ်။

ဒီလို အရာတွေကပဲ သူနဲ့ သိပ်ကောင်းတဲ့ ဆက်ဆံရေး ရှိစေတာပါ။ ကျနော် လီဗာပူးမှာ ရှိရတာ နည်းပြနဲ့အတူ အလုပ်လုပ်ရတာကို နှစ်သက်ပါတယ်။ လီဗာပူးမှာရှိနေတဲ့ ကျနော် ဘဝကို နှစ်သက်မြတ်နိုးမိပါတယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။