မန်စီးတီးနဲ့ အက်ဖ်အေဖလား ပွဲစဉ်ကို အိုးထရတ်ဖိုဒ့်မှာ ကြားကွင်း ကစားနိုင်ဖို့ လီဗာပူးဘက်က တောင်းဆို

လီဗာပူးအသင်းဟာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် အက်ဖ်အေဖလား ဆီးမီးဖိုင်နယ်ပွဲစဉ်ကို ကြားကွင်းအဖြစ် အိုးထရတ်ဖိုဒ့်မှာ ကစားခွင့်ရဖို့ အလိုရှိနေပါတယ်။

အဆိုပါပွဲကို ဝင်ဘာလေမှာ ကစားရဖို့ ရှိပေမယ့်လည်း ဧပရယ်လ ၁၆-၁၇ ရက်တွေမှာ အင်္ဂလန်ရဲ့ အနောက်မြောက်ဒေသကနေ လန်ဒန်ကိုသွားမယ့် ရထားလိုင်းတွေ မရှိဘူးဖြစ်နေတာပါ။ ဒါကြောင့် လီဗာပူးပရိသတ်ကော၊ မန်စီးတီးပရိသတ်တွေပါ ကိုယ်အသင်းပွဲတွေကို သွားကြည့်ဖို့ဆိုရင် သီးခြား အစီအစဉ်တွေ ရှာဖွေရဖို့ ဖြစ်နေပါတယ်။

အင်ဂျင်နီယာတွေက ပြင်ဆင်မှုတွေ လုပ်ရမှာကြောင့် ဒီလိုတွေ ဖြစ်လာနိုင်တယ်ဆိုတာကို လွန်ခဲ့တဲ့ ၆ လကတည်းက အက်ဖ်အေကို အသိပေးမှု ပြုလုပ်ထားပေမယ့်လည်း ဘောလုံးအဖွဲ့ချုပ်ဘက်က ကြိုတင်စီစဉ်မှု တစ်ခုမှ မရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ကြားကွင်းကစားရမယ့်တူတူ လန်ဒန်ကို သွားမယ့်အစား မန်ချက်စတာက ယူနိုက်တက်ရဲ့ အိမ်ကွင်းမှာ ကစားခြင်းက အကောင်းဆုံး ရွေးချယ်မှုအဖြစ် ကလပ်နှစ်သင်းလုံးက ဆန္ဒရှိနေပါတယ်။ ဒါပေမယ့် တူညီတဲ့ သီတင်းပတ်ရဲ့ ပိတ်ရက်မှာပဲ ယူနိုက်တက်က နောဝစ်ချ်ကို အိမ်ကွင်းမှာ ဧည့်ခံရမယ့် ပွဲစဉ် ရှိနေပါတယ်။

‘ အကောင်းဆုံး အခြေအနေက အိုးထရတ်ဖိုဒ့်မှာ ကစားရတာပါပဲ။ ဒါက နှစ်သင်းလုံးရဲ့ ပရိသတ်တွေအတွက်လည်း အဆင်ပြေသလို နည်းပြအဖွဲ့အတွက်လည်း ခရီးသွားချိန် တိုသွားစေပါမယ် ’ လို့ Spirit of Shankly အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ Joe Blott က ဒေးလီးမေလ်းကို ပြောပါတယ်။

လောလောဆယ်မှာတော့ ပရိသတ်တွေအတွက် ထည့်စဉ်းစားခြင်းမရှိဘဲ ပွဲကိုစီစဉ်နေတဲ့ အက်ဖ်အေကို နှစ်သင်းပရိသတ်လုံးက စိတ်ပျက်နေကြတယ်။ လီဗာပူးတင် မကဘဲ မန်စီးတီးဘက်ကလည်း အိုးထရတ်ဖိုဒ့်မှာ ကြားကွင်းကစားရမှာကို သဘောတူတဲ့ အခြေအနေဖြစ်ပါတယ်။

အနောက်မြောက်ပိုင်းသားတွေအတွက် တစ်ခုခု အဆင်ပြေမယ့် နည်းလမ်းကို ရှာဖွေရဦးမှာဖြစ်ပေမယ့် အက်ဖ်အေကတော့ ဝင်ဘာလေမှာပဲ ကစားရမယ့် သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးလိုစိတ်တော့ မရှိသေးတာဖြစ်ပါတယ်။