ဒီယက်စ်က အံ့ဖွယ် ခေါ်ယူမှုတစ်ခု ဖြစ်လာဖို့ သိပ်မဝေးလှဘူးလို့ ကလော့ပ် ချီးကျူး

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဇန်နဝါရီကမှ အသစ်ခေါ်ယူထားပေမယ့် အန်ဖီးမှာ ချက်ချင်း အကျိုးသက်ရောက်မှုပေးခဲ့တဲ့ ကစားသမားသစ် လူးဝစ်ဒီယက်စ်ကို ချီးကျူးခဲ့ပြီး အဲ့ဒါက မှော်ဆန်တဲ့ အဖြစ်အပျက်လိုပါပဲလို့ ဝန်ခံခဲ့ပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ပေါ်တိုကနေ ကနဦး ပေါင် ၃၇ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဒီယက်စ်ဟာ အသင်းအတွက် ပထမဆုံး ၁၂ ပွဲမှာ ၂ ဂိုး သွင်းယူခဲ့ပေမယ့် သူ့ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ သက်ရောက်မှုတွေကြောင့်ပဲ လီဗာပူးဟာ ဖလားတွေ အောင်မြင်နိုင်တယ်လို့ အများက တစ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီမှာ အင်္ဂလန်ပြင်ပလိဂ် တစ်ခုကနေ ရောက်လာခဲ့ပြီး နယ်မြေသစ်မှာ အသင်းသစ်နဲ့ ခပ်မြန်မြန် အသားကျသွားတာမျိုးက မဖြစ်နိုင်လောက်တဲ့ အံ့ဖွယ်ကိစ္စလို့ ကလော့ပ်က မြင်တယ်။ ဒါပေမယ့်လို့ ဒီယက်စ်ဟာ လီဗာပူးအတွက်တော့ အဲ့လိုအနေအထားဖြစ်နေတယ်လို့ ဆက်ပြောပါသေးတယ်။

“ ဒီလို ကစားသမားတွေဆီကနေ ချက်ချင်း အံ့ဖွယ်ကိစ္စမျိုးတွေ မြင်ရမယ်လို့ မျှော်လင့်ထားလို့ မရပါဘူး။ ဒါပေမယ့် သူကတော့ ဒီလို စိတ်လှုပ်ရှားမှုမျိုးကနေ သိပ်မဝေးလှပါဘူး။ သူ့ထံက ဒီလို ပုံစံကောင်းတွေကို အကြာကြီး ဆက်မြင်တွေ့ရရင် သိပ်ကောင်းပါမယ်။

ကစားသမားတစ်ယောက်ကို ဘာကြောင့် ခေါ်ယူရလဲဆိုတာအတွက် အမြဲတမ်း အကြောင်းပြချက်တွေ ရှိပါတယ်။ အဓိကက သူ့ရဲ့ အရည်အသွေးကြောင့်နဲ့ သူ့ရဲ့ ကစားပုံကြောင့်ပါပဲ။

ကျွန်တော်တို့ သူ့ကို မြင်ခဲ့တဲ့အချိန်မှာ သူက အသင်းနဲ့ ချက်ချင်း အံဝင်နိုင်မယ်ဆိုတာ သိခဲ့တာက တကယ် ထူးခြားလှပါတယ်။ များသောအားဖြင့် ဒီလိုဖြစ်လာဖို့ ခက်ခဲပေမယ့် သူက ပြောင်းလဲဖို့ မလိုအပ်ခဲ့ဘူး။ ဒါကြောင့်ပဲ ယုံကြည်မှုရှိတဲ့ ကောင်လေးတစ်ယောက်ကို ကျနော်တို့ ရခဲ့တာဖြစ်ပါတယ်။

သူက ပေါ်တိုနဲ့အတူ ကောင်းမွန်တဲ့ အခိုက်အတန့်မှာ ရှိခဲ့ပြီး ကိုလံဘီယာအတွက် ကောင်းကောင်း ကစားပေးခဲ့တယ်။ သူက ဒီကို ယုံကြည်မှုအပြည့်နဲ့ လာခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့က ဒီလိုလုပ်၊ ဟိုလိုလုပ်လို့ ပြောလို့ သူ့ရဲ့ ပုံစံတွေ ပျောက်ဆုံးသွားတာမျိုး မဖြစ်အောင် ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ သူ့ကို နဂိုပုံစံအတိုင်းပဲ လိုချင်တာပါ ” လို့ ကလော့ပ်က ဆိုခဲ့တာဖြစ်ပါတယ်။

ဒီယက်စ်ဟာ လီဗာပူးရဲ့ မရှိမဖြစ် ကစားသမားတစ်ဦးအဖြစ် တိုးတက်လာဖို့ လိုအပ်သေးပေမယ့်လည်း သူ့ရဲ့ တိုက်စစ်ပိုင်း ခြိမ်းခြောက်နိုင်စွမ်းဟာ လျော့တွက်လို့ မရသူဆိုတာကို သက်သေပြနေခဲ့ပြီဖြစ်ပါတယ်။