‘အားလုံး မမေ့ကြပါနဲ့’ လို့ အားလပ်ရက်ရတဲ့ အသင်းဖော်တိုင်းကို ဗန်ဒိုက် သတိပေးစကား ဆို

လီဗာပူးခံစစ်မှူး ဗန်ဒိုက်က အသင်းဖော်တိုင်းကို အင်အားအပြည့် ဖြည့်ထားဖို့နဲ့ ရောက်လာတော့မယ့် စိန်ခေါ်မှုတွေအတွက် ပြင်ဆင်ထားကြဖို့ သတိပေးစကား ပြောဆိုပါတယ်။

လီဗာပူးအသင်းဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဖြစ် ဖောရက်စ်ကို ရင်ဆိုင်တဲ့ပွဲကို ခက်ခဲစွာ ကစားခဲ့ပေမယ့်လို့ အနိုင်ရပြီး ဆီမီးအဆင့်ကို တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီ နိုင်ငံတကာ သီတင်းပတ်အပြီး ခက်ခဲလှတဲ့ ပွဲစဉ် တောက်လျှောက်မှာ အသင်းက ရလဒ်ကောင်းတွေကို ဆက်တိုက် ရယူခဲ့ပါတယ်။

ဧပရယ်လဟာ လီဗာပူးအတွက် ဆုဖလားလမ်းကြောင်းတွေမှာ အလှည့်အပြောင်း ဖြစ်လာနိုင်တာကြောင့် လက်ရှိ အနေအထားကို ပျော်ရွှင်ကြပြီး ကျန်းကျန်းမာမာ ပြန်လာခဲ့ကြပါလို့ ဗန်ဒိုက်က သတိပေး ဆုတောင်းသွားခဲ့တယ်။

ခံစစ်မှူးက ” ကျနော်တို့ အားလုံးက ပထမဆုံးဆိုတဲ့ အရေးကြီးဆုံးကိစ္စတွေကို လုပ်ဖို့ လိုပါတယ်။ ကျနော်တို့ ကိုယ်ဘာသာ ဂရုစိုက်ရမယ်၊ ပြန်လည်အားပြည့်လာအောင် အားဖြည့်ရမယ်၊ ကောင်းကောင်းကြီး ပြင်ဆင်ထားရပါလိမ့်မယ်။ အားလုံး လုံးဝ မမေ့လိုက်ကြဖို့ လိုအပ်တဲ့ ကိစ္စက ပျော်ရွှင်ကြဖို့ပါပဲ။

ဖောရက်စ်ကို အနိုင်ရခြင်းအတွက် ပျော်ရွှင်ကြပါ။ ဒီညမှာ အားလုံးက အစွမ်းကုန် ကြိုးစားခဲ့ကြပါတယ်။ ဧပရယ်လမှာလည်း ဒီလိုပဲ ထပ်ပြီး လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ လူငယ်တွေ အပါအဝင် အသင်းက လူတိုင်းက ပျော်ရွှင်နေသင့်တာ ဖြစ်ပါတယ်။

ရံဖန်ရံခါမှာ ခက်ခဲပါတယ်။ တတ်နိုင်သလောက် အကောင်းဆုံး လုပ်လိုပေမယ့် ဖောရက်စ်ပွဲမှာလို ခက်ခဲတဲ့ အခိုက်အတန့်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဆက်ပြီး သွားရမယ်၊ ဆက်ပြီး ဖိအားပေးနေရပါမယ်။ ခက်ခဲတဲ့ အခြေအနေဆိုတာ ဘယ်အချိန်မဆို ဖြစ်နိုင်ပါတယ်။ ကိုယ်က အစွမ်းကုန် ကြိုးစားပြီး အောင်ပွဲကို ပျော်ရွှင်ဖို့၊ ရောက်လာမယ့်ပွဲတွေကို အာရုံစိုက်ဖို့ လိုပါတယ်။ ဝင်ဘာလေကို ထပ်ပြီး သွားရမှာက ကောင်းတဲ့ကိစ္စပါပဲ။

အခု နိုင်ငံတကာသီတင်းပတ် ရောက်လာပါပြီ။ နည်းလမ်းကောင်းတွေနဲ့အတူ ကိုယ်ရဲ့ လက်ရွေးစင်အသင်းတွေအတွက် တိုက်ရိုက်ရတော့မယ်။ မြင်ကွင်းအပြောင်းအလဲတွေနဲ့အတူ အားလုံး ကျန်းကျန်းမာမာ ကြံ့ကြံ့ခိုင်ခိုင်နဲ့ ကလပ်ထံ ပြန်လာကြဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။