Transfer News: ပီအက်စ်ဗီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဂတ်ပိုကို လိုက်နေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ နယ်သာလန်ကလပ် ပီအက်စ်ဗီအသင်းမှ သက်သစ်စ ကြယ်ပွင့်ဖြစ်သလို ကလပ်အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဂတ်ပိုကို ဒီနွေမှာ ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း The Athletic က ဖော်ပြပါတယ်။

အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ နယ်သာလန်တိုက်စစ်သမားဟာ ပြည်တွင်းလိဂ်မှာ ကစားတဲ့ အမှတ်ပေးပွဲ ၈၅ ပွဲမှာ သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှုပေါင်း ၅၀ ထိ လုပ်ထားနိုင်သူဖြစ်တယ်။ သူဟာ ဒီရာသီမှာလည်း ပြိုင်ပွဲစုံ ၃၇ ပွဲ ကစားပြီး ကိုယ်တိုင် ၁၆ ဂိုးသွင်း၊ ဂိုးထောက်ပံ့မှု ၁၅ ကြိမ်ထိ လုပ်ထားနိုင်ပါတယ်။

ပီအက်စ်ဗီမှာ တောက်ပလာနေခြင်းကြောင့် နွေတုန်းက ယူရိုပြိုင်ပွဲအတွက် နယ်သာလန် လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံခဲ့ရသူဖြစ်တယ်။ The Athletic သတင်းထောက် David Ornstein ကပဲ လီဗာပူးက ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ အာဆင်နယ်နည်းတူ သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း ဖော်ထုတ်လာခဲ့ပါတယ်။

ဂတ်ပိုဟာ ပြီးခဲ့တဲ့ ၂ လကမှ ပီအက်စ်ဗီနဲ့ ၂၀၂၆ ခုနှစ်ထိ ရှိနေမယ့် ကာလရှည် သက်တမ်းတိုးမှု ပြုလုပ်ထားသူဖြစ်တယ်။ စာချုပ်မှာ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်လို့ ကန့်သတ်ချက် မပါဝင်ပေမယ့်လို့ ဒီနွေမှာ သင့်လျော်တဲ့ ကမ်းလှမ်းမှုတွေ ရမယ်ဆိုရင် ထွက်ခွာခွင့်ပေးရမယ်ဆိုတဲ့ အချက် ပါဝင်ခဲ့တယ်လို့ Ornstein က ဖော်ပြပါတယ်။

တိုက်စစ်သမားကို စိတ်ဝင်စားတဲ့ ကလပ် ၄ သင်းထဲမှာ လီဗာပူးက ပါဝင်ထားပြီး ဒီကလပ်တွေဟာ ကစားသမားကို ခေါ်ယူရေး အလေးအနက် ဆွေးနွေးမှု ရှိနေပါတယ်။ လက်တလောမှာ ပီအက်စ်ဗီနဲ့ တိုက်ရိုက် ဆွေးနွေးမှု မရှိသေးတာကလည်း ကစားသမားရဲ့ အခြေအနေနဲ့ အသင်းရဲ့ အစီအစဉ်တွေ သေချာအောင်လုပ်နေပြီး အဲ့ကိစ္စတွေပြီးရင်တော့ တရားဝင် ကိစ္စတွေ ထွက်ပေါ်လာပါဖို့ ရှိပါတယ်။

တိုက်စစ်သမားအတွက် ပြောင်းရွှေ့ကြေးက ပေါင် ၃၅ သန်း ဝန်းကျင် ကျသင့်ဖို့တော့ ရှိနေတယ်။ သူဟာ ဒီအပတ် နယ်သာလန်ပြည်တွင်းလိဂ်ပွဲကို ဒဏ်ရာကြောင့် မပါနိုင်သလို နိုင်ငံတကာသီတင်းပတ်ကိုလည်း လွဲချော်မှာဖြစ်ပါတယ်။