NEWS: ထရန့်ရဲ့ တံကောက်ကြော ဒဏ်ရာအခြေအနေက စိုးရိမ်ရလောက်တဲ့ထိ မပြင်းထန်

လီဗာပူးညာအစွန်လူ ထရန့်ဟာ တံကောက်ကြော ဒဏ်ရာကြောင့် နိုင်ငံတကာသီတင်းပတ်မှာ အင်္ဂလန်အသင်းနဲ့ ပူးပေါင်းနိုင်ခြင်း မရှိပေမယ့်လို့ စိုးရိမ်လောက်တဲ့ အနေအထားမှာ မရှိဘူးလို့ သိရပါတယ်။

လီဗာပူးသတင်းထောက် James Pearce ကပဲ ” ထရန့်ရဲ့ တံကောက်ကြောက မစိုးရိမ်ရပါဘူး။ ကလပ်ရဲ့ အတွင်းသတင်းတွေ ဖော်ပြမှုအရ ကုသမှုတွေကို သူကောင်းကောင်း တုန့်ပြန်မှုတွေ ဆက်လုပ်နိုင်မယ်ဆိုရင် ဧပရယ်လ ပွဲစဉ်တွေရဲ့ အများစုမှာ ပါဝင်ပေးဖို့ ကြံ့ခိုင်နေပါလိမ့်မယ် ” လို့ ဖော်ပြခဲ့တယ်။

ထရန့်ရဲ့ တံကောက်ကြောဟာ ၄ ပတ်ဝန်းကျင်ထိ အများဆုံး အနားယူရနိုင်တယ်လို့ ခန့်မှန်းထားကြတယ်။ နိုင်ငံတကာသီတင်းပတ်အပြီး လီဗာပူးရဲ့ ပထမဆုံး ပွဲစဉ်အဖြစ် ဧပရယ်လ ၂ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ဝတ်ဖိုဒ့်နဲ့ ပရီးမီးယားလိဂ်ပွဲအတွက် ကြံ့ခိုင်မှု အဆင်ပြေမလားကတော့ စောင့်ကြည့်ရပါမယ်။

ဒါပေမယ့်လို့ ဧပရယ်လ ၆ ရက်နေ့ ဘင်ဖီကာနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲ၊ ဧပရယ်လ ၁၀ ရက်နေ့ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ပါဝင်နိုင်မယ်လို့ မျှော်လင့်ရတာဖြစ်တယ်။

ထရန့် မရှိချိန်မှာ လီဗာပူးအသင်း ညာအစွန်နေရာအတွက် မီလ်နာနဲ့ ဂိုးမက်စ်တို့ ရှိနေပါတယ်။ မီလ်နာကိုယ်တိုင်က အဖျားကြောင့် နော်တင်ဟမ် ဖောရက်စ်နဲ့ပွဲမှာ မပါနိုင်ခဲ့ပါဘူး။ အဆိုပါပွဲမှာ ဂိုးမက်စ် ပွဲထွက်ခွင့်ရခဲ့ကာ စွမ်းဆောင်ရည်အားဖြင့် မဆိုးလှတာကို မြင်ခဲ့ရတာဖြစ်တယ်။

လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်ကလည်း ကိုဗစ်ကြောင့် အနားယူနေရခြင်းနဲ့အတူ နိုင်ငံတကာသီတင်းပတ်မှာ စကော်တလန်အသင်းနဲ့ သွားရောက် ပူးပေါင်းနိုင်ခြင်း မရှိပါဘူး။ ရိုဘိုကတော့ ဝတ်ဖိုဒ့်ပွဲမတိုင်ခင် အသင်းလေ့ကျင့်ရေးမှာ ပြန်လည် ပါဝင်လာနိုင်မယ်လို့ တွက်ဆထားကြတာ ဖြစ်ပါတယ်။