ဂိုးမက်စ် အရယူနိုင်ပြီး ချိန်ဘာလိန် ကျရှုံးခဲ့တဲ့ ရွှေရောင် အခွင့်အရေး

နော်တင်ဟမ် ဖောရက်စ်နဲ့ပွဲမှာ လီဗာပူးနဲ့ အနာဂတ် မသေချာဘူးလို့ မေးခွန်းထုတ်ခံထားရတဲ့ ဂိုးမက်စ်နဲ့ ချိန်ဘာလိန်တို့ဟာ ပွဲထွက်လူစာရင်းကနေ ပါဝင်လာခဲ့ပြီး ပွဲကစားခွင့်တွေ ရခဲ့ကြပါတယ်။

အဆိုပါပွဲအပြီး လီဗာပူးအသိုင်းအဝိုင်းဘက်က ယူဆချက်တွေမှာတော့ ဂိုးမက်စ်ဟာ သူ့ရဲ့ အခွင့်အရေးကို ရယူနိုင်ခဲ့ပေမယ့် ချိန်ဘာလိန်ကတော့ ကျရှုံးခဲ့တယ်ဆိုပြီး ထွက်ပေါ်လာခဲ့တယ်။

ညာအစွန်နေရာက ပွဲထွက်လာတဲ့ ဂိုးမက်စ်ဟာ ထရန့် လုပ်ပေးနိုင်တဲ့ ဖန်တီးမှုမျိုးကိုတော့ အသင်းအတွက် မလုပ်ပြနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဘောလုံးပိုင်ဆိုင်မှုတွေမှာ သူ့ရဲ့ တည်ငြိမ်မှုတွေကို ပြသခဲ့ပြီး စွမ်းဆောင်ရည်အတွက် အချက်အလက်ပိုင်းတွေမှာ အားရစရာ ကောင်းမွန်ခဲ့တာကို တွေ့ရှိရတယ်။

အသက် ၂၄ နှစ်ပဲ ရှိသေးတဲ့ ဂိုးမက်စ်ဟာ ဒီရာသီ သူ့ရဲ့ ၇ ပွဲမြောက် ပွဲကို ကစားခွင့်ရခဲ့တာဖြစ်တယ်။ ဗန်ဒိုက်နဲ့ မာတစ်တို့ အထိုင်ထားကစားနေတဲ့ လက်ရှိ အသင်းလူစာရင်းမှာ ကိုနတေးကလည်း တစ်နေရာစာ ဝင်ယူဖို့ အားထုတ်နေတာကြောင့် ဒဏ်ရာကနေ ပြန်ရုန်းထလာရတဲ့ ဂိုးမက်စ်အတွက် ခက်ခဲခဲ့ပါတယ်။

ယာဂင်ကလော့ပ်က ၂၀၁၉ နဲ့ ၂၀၂၀ တွေမှာ ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလား အောင်မြင်တွေအတွင်း အရေးပါခဲ့တဲ့ ဂိုးမက်စ်ရဲ့ စွမ်းဆောင်ရည်ကို မမေ့ထားပါဘူး။ ဒီပွဲက ဂိုးမက်စ်အတွက် သိပ်ကောင်းတဲ့ အခွင့်အရေးလို့ ယာဂင်က ပြောဆိုခဲ့တယ်။ ဂိုးမက်စ်ဟာ TIA နဲ့ ECHO တွေမှာတော့ Rating (8/10) အထိ ရခဲ့ပါတယ်။

ဂိုးမက်စ်ကို အကောင်းမြင်လို့ ရခဲ့သလောက် ချိန်ဘာလိန်ရဲ့ အခြေအနေကတော့ ဆိုးရွားခဲ့ပါတယ်။ သူဟာ လူစားလဲခံရချိန်မှာ ‘အရင်အပတ်ကလည်း ငါ တစ်ပတ်လုံး ဘောလုံးပွဲ မကစားရဘူး’ လို့ စိတ်ပျက်စွာ အော်ဟစ်ခဲ့တာမျိုးကို မြင်ခဲ့ရတယ်။ ချိန်ဘာလိန်ရဲ့ ခြေစွမ်းက ဆိုးရွားတာမျိုးထက် ပေါ့ဆလွန်းတာက ပိုခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ကွင်းလယ်လူဟာ ပထမပိုင်း တစ်ခုတည်းမှာတင် ဘောလုံးပိုင်ဆိုင်မှု ၁၁ ကြိမ်ထိ ဆုံးရှုံးခဲ့ပါတယ်။ ဒီရာသီ လီဗာပူးမှာ ပွဲကစားခွင့်တွေ ဆုံးရှုံးနေတဲ့ ကွင်းလယ်လူဟာ စာချုပ်သက်တမ်း ၁ နှစ်ပဲ ကျန်တာဖြစ်လို့ နွေမှာတော့ တစ်ခုခု ဆုံးဖြတ်လာနိုင်ပါတယ်။

လီဗာပူးကွင်းလယ်မှာ ဖာဘင်ညို၊ ဟန်ဒါဆန်၊ သီယာဂိုတို့ အဓိက တွဲဘက်အဖြစ် ရှိနေပြီး ကိတ်တာ၊ မီလ်နာ၊ အယ်လီးယော့နဲ့ ဂျုံးတို့လည်း ရှိနေသေးတာပါ။ ဒီနွေမှာ မီလ်နာ ထွက်ခွာချိန် လီဗာပူးဘက်က ကွင်းလယ်ကို အားဖြည့်လာဖို့ ရှိနေတာကြောင့် ချိန်ဘာလိန်ရဲ့ အနာဂတ်က မှေးမှိန်လာဖို့ ရှိနေပါတယ်။

ကိတ်တာနဲ့ ချိန်ဘာလိန်တို့ရဲ့ စာချုပ်က ဒီနွေမှာ ၁ နှစ်ပဲ ကျန်တာခြင်း တူညီပေမယ့် လီဗာပူးဘက်က တစ်ဦးကို သက်တမ်းတိုးမယ်ဆိုရင် ကိတ်တာကို တိုးဖွယ်ရှိပါတယ်။ စွမ်းဆောင်ရည်အရ အခြေခံမယ်ဆိုရင် ချိန်ဘာလိန်အပေါ် ပရိသတ်ကြိုက်နှုန်းကလည်း ထိုးကျလာနေပါတယ်။

လာမယ့်ရာသီမှာ ကမ္ဘာဖလားပြိုင်ပွဲ ရှိနေတာနဲ့အတူ ကစားသမားတွေဟာ ပွဲထွက်ခွင့်အတွက် တောင်းဆိုမှုတွေ ရှိလာတော့မှာပါ။ ဒီနွေမှာ လီဗာပူးအသင်းက ကိစ္စကြီးတွေကို ဆုံးဖြတ်ရဖို့ ရှိနေပြီး ဂိုးမက်စ်၊ ချိန်ဘာလိန်တို့ရဲ့ အနာဂတ်တွေလည်း ပါဝင်လာမှာပဲ ဖြစ်ပါတယ်။