အီတီဟက်မှာ လီဗာပူးပရိသတ်တွေ ဝင်ရောက်ခွင့် လူဦးရေကို လျော့ချလိုက်တဲ့ မန်စီးတီး

ဧပရယ်လ ၁၀ ရက်နေ့ အီတီဟက်မှာ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲအတွက် အဝေးကွင်း ပရိသတ်ဝင်ခွင့်ကို လျော့ချခဲ့တာကြောင့် ကွင်းထဲဝင်ခွင့်ရမယ့် လီဗာပူးပရိသတ် အရည်အတွက် လျော့နည်းသွားခဲ့ပါပြီ။

မန်စီးတီးဘက်က လီဗာပူးပရိသတ် ၂၈၈၀ စာအတွက်ပဲ အဝေးကွင်းလက်မှတ် ခွင့်ပြုပေးမှာဖြစ်ကြောင်းကို လီဗာပူးအသင်းဝဘ်ဆိုဒ်က တရားဝင် ကြေညာသွားခဲ့တယ်။ မန်ချက်စတာကလပ်ကပေးတဲ့ အကြောင်းပြချက်ကတော့ Grounds Safety Advisory Group က ဒီပွဲဟာ အန္တရာယ်များလွန်းတဲ့ပွဲအဖြစ် သတ်မှတ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။

လီဗာပူးအသင်းဟာ အီတီဟက်မှာ နောက်ဆုံးအကြိမ် ဝင်ရောက် အားပေးခွင့်ရတဲ့ ၂၀၁၉ မှာ အဝေးကွင်းလက်မှတ် ၃၀၂၈ စောင် ရခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ လက်မှတ် ၂၈၈၀ စောင်ပဲ ရတော့မှာဖြစ်တယ်။

အဆိုပါပွဲဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်းဖြစ်မယ်ဆိုတာကို အဆုံးအဖြတ် ဖြစ်သွားစေနိုင်တဲ့ ပွဲတစ်ပွဲအထိ မျှော်လင့်ခံထားရတယ်။ အမှတ်ပေးဖလား အနိုင်ရနိုင်တဲ့ ကလပ်နှစ်သင်း ထိပ်တိုက်တွေ့မှုနဲ့အတူ ဒီနှစ်တွေအတွင်း ပရီးမီးယားလိဂ်ရဲ့ အကြီးကျယ်ဆုံး ပွဲတစ်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။

လီဗာပူးပရိသတ်တွေဘက်ကတော့ ဒီဆုံးဖြတ်ချက်ကို မပျော်ရွှင်သလို မျှတတယ်လို့လည်း မခံစားရပါဘူး။ ပရိသတ်တစ်ဦးကတော့ ” မန်စီးတီးကတော့ ငါတို့ လီဗာပူးပရိသတ်တွေ သူတို့ရဲ့ ပလက်စတစ်တွေထက် အသံပိုကျယ်ကျယ် မထွက်နိုင်အောင် သူတို့ လုပ်နိုင်တဲ့ဘက်ကနေ အစွမ်းကုန် လုပ်နေပြီ ” လို့ မှတ်ချက်ပေးခဲ့တယ်။

အခြားသော လီဗာပူးပရိသတ်ကတော့ ” ဒီလိုလုပ်တာက ေ-ာက်ရေးမပါဘူး။ ဒါပေမယ့် သူတို့ အိမ်ကွင်းလက်မှတ်တွေ မှောင်ခိုရောင်းရင် ရအောင်ဝယ်ကြမယ် ” လို့ ဆိုသလို အခြားတစ်ဦးကလည်း ” ငါတို့ပရိသတ် ရာဂဏန်းက သူတို့ပရိသတ်တွေထက် အသံပိုကျယ်ကျယ် အားပေးနိုင်တယ် ” လို့ ဝေဖန်ခဲ့တယ်။

ဒီပွဲဟာ မြင့်မားတဲ့ မျှော်လင့်ချက်တွေနဲ့အတူ ရန်ပွဲဖြစ်နိုင်ချေ များပြားတယ်ဆိုကာ Grounds Safety Advisory Group ရဲ့ အကြံပေးချက်အရ မန်စီးတီးဘက်က လက်မှတ် လျော့ချမှု လုပ်ခဲ့ပေမယ့် လီဗာပူးပရိသတ်တွေကတော့ ပြိုင်ဘက်ကွင်းမှာ ဆူညံတဲ့ အားပေးမှုကောင်းတွေ ပြသနိုင်ရေး ကြိုးပမ်းကြဖို့ နိုးဆော်မှုတွေ လုပ်နေကြပြီဖြစ်ပါတယ်။