ဖောရက်စ်ပွဲမှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လန်းဆန်းနေတဲ့ ကစားသမားတွေကို ကလော့ပ် ပွဲထုတ်မည်

မန်နေဂျာကလော့ပ်က ဒီညမှာ ယှဉ်ပြိုင်ရမယ့် ဖောရက်စ်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ လန်းဆန်းတဲ့ လူစာရင်းကို ထုတ်သုံးမယ်လို့ ပြောဆိုခဲ့ပါတယ်။

ခက်ခဲပင်ပန်းတဲ့ ပွဲချိန်ဇယားကြောင့် ကလော့ပ်က အသင်းကို အပြောင်းအလဲတွေ လုပ်ချင်မှာဖြစ်ကာ အာဆင်နယ်ပွဲတုန်းက လူစာရင်းကို အပြောင်းအလဲကြီးတွေ လုပ်လာနိုင်ပါတယ်။ ဒါ့အပြင် ဒီပွဲမှာတော့ ညာအစွန်လူ ထရန့်နဲ့ တိုက်စစ်သမား ဆာလာတို့ ပါဝင်ဖို့ မသေချာပါဘူး။ ဆီနီဂေါနဲ့ အီဂျစ်တို့ရဲ့ အရေးပါတဲ့ ကမ္ဘာဖလား ခြေစစ်ပွဲအရ မာနေးကိုလည်း အနားပေးဖွယ် ရှိပါတယ်။

အက်ဖ်အေဖလား ပဉ္စမအဆင့်အဖြစ် နောဝစ်ချ်ကို ရင်ဆိုင်စဉ်တုန်းက လီဗာပူးရဲ့ နှစ်ဂိုးလုံးကို သွင်းယူခဲ့တဲ့ မီနာမီနိုအပြင် ချိန်ဘာလိန်၊ အိုရီဂီနဲ့ ကာတစ်ဂျုံးစ်တို့လို ကစားသမားတွေကို အခွင့်အရေး ပေးနိုင်ပါတယ်။ ဒါပေမယ့်လို့ ဖာမင်နို၊ ရော်ဘတ်ဆန်တို့ကလည်း ဒီပွဲမှာ ပါဝင်နိုင်ချေ ရှိနေဆဲဖြစ်ပါတယ်။

“ နော်တင်ဟမ်နဲ့ပွဲမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လန်းဆန်းပြီး အဆင်သင့် ဖြစ်နေတဲ့ အသင်းတစ်သင်းကို လိုချင်ပါတယ်။ အခု ဘာမှန်းမသိသေးပေမယ့် အကယ်လို့ ကျွန်တော်တို့ အသင်းကို အပြောင်းအလဲ လုပ်မယ်ဆိုရင် ဒီပွဲအတွက် ဖြစ်နိုင်သမျှ အကောင်းဆုံးအသင်းကိုပဲ ရချင်ပါတယ်။

ကျွန်တော်တို့က ဒီပြိုင်ပွဲမှာ နော်တင်ဟမ်အတွက် ၄ သင်းမြောက် ပရီးမီးယားလိဂ် ကလပ် ဖြစ်မယ်ထင်တယ်။ ဒါကြောင့် သူတို့ရဲ့ ခရီးက မလွယ်ကူခဲ့တာကို ရအောင် ဖြတ်ကျော်လာခဲ့တဲ့အတွက် လျှော့တွက်လို့တော့ မရဘူး။ သူတို့က နောက်တစ်ကြိမ် တန်းတက်လာဖို့ နီးစပ်နေပါပြီ။

ဖောရက်စ်မှာ ကျွန်တော်တို့ရဲ့ လီဗာပူးအသင်း နည်းပြဟောင်း စတိဗ်ကူးပါးက ကောင်းကောင်း လုပ်နေတာပါ။ ဒါကြောင့် ထူးခြားတဲ့ ပွဲတစ်ပွဲဖြစ်ဖို့ နောက်ထပ် အကြောင်းပြချက်သစ်တခု ရသွားတာပေါ့ ” လို့ ကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကူးပါးဟာ လီဗာပူးအသင်းမှာ ၅ နှစ်ကြာ ရှိခဲ့ဖူးတဲ့ နည်းပြဟောင်း တစ်ဦးဖြစ်ကာ အကယ်ဒမီ နည်းပြအဖြစ် ယူ-၁၈ အသင်းကို တာဝန်ယူခဲ့အပြီးမှ ၂၀၁၃ ခုနှစ်မှာ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ထံ ကူးပြောင်းခဲ့သူဖြစ်တယ်။ သူဟာ နောက်ပိုင်းမှာ ဆွမ်ဆီးနဲ့ အဲ့ကမှ ဖောရက်စ်ကို ရောက်ရှိသွားခဲ့သူဖြစ်ပါတယ်။