ထရန့် ဒဏ်ရာကြောင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် လွဲဖွယ်ရှိ၊ ဒဏ်ရာ ထပ်ရသွားတဲ့ ဆာလာ

ဒီအပတ် ယှဉ်ပြိုင်ကစားရမယ့် နော်တင်ဟမ်ဖောရက်စ်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲကြိုမှာပဲ ထရန့်နဲ့ ဆာလာတို့ ဒဏ်ရာရနေခဲ့ကြောင်းကို မန်နေဂျာကလော့ပ်က အတည်ပြုပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟာ တံကောက်ကြော ဒဏ်ရာရနေခြင်းဖြစ်ကာ သီတင်းပတ် အနည်းငယ် အနားယူရမှာဖြစ်လို့ ဒီအပတ် အက်ဖ်အေပွဲအပြင် နိုင်ငံတကာသီတင်းပတ်မှာ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနိုင်မှာ မဟုတ်ပါဘူး။

လက်တလော ကြားရတာကတေ့ ထရန့်ဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ အက်ဖ်အေပွဲ၊ နိုင်ငံတကာသီတင်းပတ်၊ ဝတ်ဖိုဒ့်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၊ ဘင်ဖီကာထံ အဝေးကွင်း သွားကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲတွေကို လွဲနိုင်တယ်လို့ သိရပါတယ်။

ဘရိုက်တန်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဆာလာဟာ အာဆင်နယ်ပွဲမှာ လူစားဝင်ကစားခဲ့ပေမယ့် ဒဏ်ရာက ပြန်ပေါ်လာခဲ့တာကြောင့် ဒီအပတ် အက်ဖ်အေဖလားပွဲကို လွဲဖွယ် ရှိနေတယ်။ ဆာလာကလည်း အီဂျစ်အသင်းနဲ့ သွားရောက် ပူးပေါင်းနိုင်ဖွယ် မရှိဘူးလို့တော့ လီဗာပူးသတင်းထောက်တွေက ဖော်ပြနေပါတယ်။

မီဒီယာတွေ့ဆုံမှုမှာ ကလော့ပ်က ” ကျနော်တို့ ကြည့်ရမှာပေါ့။ အခုတော့ သေချာကို မသိသေးပါဘူး။ အခု သေချာလေး စိစစ်မှု လုပ်နေပါပြီ။ အခု မီဒီယာတွေ့ဆုံမှု လုပ်ပြီးရင်ကို နော်တင်ဟမ်ဖော်ရက်စ်နဲ့ ဟက်ဒါဖီးပွဲကို သေချာလေး သွားကြည့် အကဲဖြတ်မှု လုပ်မှာပါ။ ပြီးရင်တော့ ပွဲထွက်လူစာရင်းအတွက် ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ပွဲနဲ့ အဲ့ပွဲမတိုင်ခင်မှာ ကျနော်တို့ ပြဿနာလေးတွေ နည်းနည်းရှိနေတယ်။ အချို့တွေ ဖျားနေကြတယ်။ ဒီနေ့မှာ အဖျားကိစ္စ သတင်းထပ်မကြားရဖို့ မျှော်လင့်ပါတယ်။ အခုတော့ သူတို့ အခြေအနေ မသိသေးပေမယ့် သိပ်မကြာခင် ပြန်သက်သာလာမှာပါ။

ထရန့်ကတော့ တံကောက်ကြောကြောင့် မပါနိုင်ဘူး။ သူ အင်္ဂလန်အသင်းအတွက်လည်း ပါနိုင်မှာ မဟုတ်ဘူး။ ဒါ သတင်းကောင်းတော့ မဟုတ်ပါဘူး။ ဘယ်လောက်ကြာမလဲ ကြည့်ရမှာပါ။ သီတင်းပတ်တွေကြာ နားရမလားဆိုရင်တော့ အဲ့လိုပဲဖြစ်မယ် ထင်ပါတယ်။

ဘယ်လောက်ကြာမလဲ ကြည့်ရမယ်။ ထရန့်နေရာ အစားထိုးဖို့က ခက်ခဲပါတယ်။ မီလီ ဖျားမနေတော့ဘူးဆိုရင်တော့ သူ ထရန့်နေရာ ဝင်နိုင်ပါတယ်။ နောက် ဂိုးမက်စ်ရှိပါတယ်။ နောက် ကျနော်တို့ စနစ်ကို ပြောင်းကစားလို့လည်း ရပါတယ်။ အခြား ရွေးချယ်စရာတွေလည်း ရှိပါတယ်။ ထရန့်နေရာ အစားထိုးဖို့ဆိုတာကတော့ ခက်ခဲပါတယ်။

အာဆင်နယ်ပွဲအပြီး မိုက ခြေထောက်မှာ နာကျင်မှု ထပ်ပြီး ခံစားနေရတယ်။ ဒီတော့ သူ့အခြေအနေကိုလည်း ကြည့်ရပါမယ် ” လို့ ပြောဆိုသွားပါတယ်။