ပရီးမီးယားလိဂ်က လီဗာပူးကို ကျေးဇူးတင်သင့်ကြောင်း ရှင်းပြတဲ့ တိုက်စစ်မှူးဟောင်း ဂျွန်အဲဒရစ်

ပရီးမီးယားလိဂ် စိန်ခေါ်မှုကို အသန့်ရှင်းဆုံး ပုံစံနဲ့ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ လီဗာပူးအသင်းကို လိဂ်က ကျေးဇူးတင်သင့်ပါကြောင်းကို အသင်းတိုက်စစ်မှူးဟောင်း ဂျွန်အဲဒရစ်က မာဆေးဆိုဒ် သတင်းဌာနကနေ အခုလို သတင်းရေးသားခဲ့ပါတယ်။

” လူးဝစ်ဒီယက်စ်အပေါ် ဘရိုက်တန်ဂိုးသမားရဲ့ စိန်ခေါ်မှုက အနီကဒ်ပဲဆိုတာကနေ ရှောင်လွှဲလို့ မရပါဘူး။ ဘောလုံးက ပိုက်ထဲ ဝင်ဝင်၊ မဝင်ဝင် အဲ့ဒါက လုံးဝကို ဆိုးရွားတဲ့ ပြစ်ဒဏ်ကျူးလွန်မှုပါပဲ။ မနှစ်က ဗန်ဒိုက်အပေါ် ဂျော်ဒန်ပစ်ဖို့ဒ်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကို ပြန်ကြည့်ကြည့်ပါ။ အခု လူးဝစ်ဒီယက်စ်ရဲ့အဖြစ်က အဲ့ထက် ပိုပြီးတော့တောင် မဆင်မခြင် ဖြစ်ခဲ့တာပါ။

ဒီယက်စ် သိပ်ကံကောင်းခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ပါးရိုး၊ မေးရိုး ဒါမှမဟုတ် မျက်လုံးတွေကို အလွယ်တကူ ထိခိုက်သွားနိုင်ဖွယ် ရှိခဲ့တာပါ။ ဒါက ပြင်းထန်တဲ့ ပြစ်ဒဏ်ကျူးလွန်မှုပါပဲ။ ဒိုင်လူကြီးတွေကို ဒီလို စိန်ခေါ်မှုတွေကို သွားကြည့်ဖို့ ဘာလို့ ခွင့်မပြုတာလဲ။

ဆန်းချက်စ်က ဒီယက်စ်ကို တမင် နာကျင်အောင် လုပ်ခဲ့တယ်လို့ တွေးဖို့ မလိုပါဘူး။ ဒါပေမယ့် အဲ့ဒါက မဆိုင်ပါဘူး။ ကျွန်တော်ကတော့ VAR မတိုင်ခင် ဘောလုံးလောကကို ပိုကြိုက်ပါတယ်။ VAR က ပွဲကို ဖျက်ဆီးနေတာပါ။

ဒီနှစ် VAR က မှန်မှန်ကန်ကန် လုပ်ခဲ့တာ တစ်ခု၊ နှစ်ခုပဲ ရှိပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ရခဲ့တဲ့ ပင်နယ်တီက နည်းနည်း ကံကောင်းသွားတာ ဖြစ်ခဲ့ပေမယ့် အကြိမ်များစွာ လီဗာပူးကို မျက်နှာသာပေးတာမျိုး မဟုတ်ပါဘူး။

မန်စီးတီးနဲ့ပွဲက အဲဗာတန်ပေးလိုက်ရတဲ့ ပင်နယ်တီ၊ ဝုဗ်နဲ့ပွဲက လက်ထိဘောကနေ မန်စီးတီးရသွားတဲ့ ပင်နယ်တီတွေကို ကြည့်လိုက်ရင် အရမ်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ VAR ဆိုတာ ကွင်းလယ်ဒိုင်တွေကို ကူညီဖို့ ရှိနေတာပါ။ ဒါပေမယ့် အခုက သူတို့ကို နှောင့်ယှက်နေသလိုပါပဲ။

လက်ရှိ ချယ်ဆီး ရောက်နေတဲ့ နေရာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိလားဆိုရင် မဖြစ်ပါဘူး။ ကလပ်မှာ အလုပ်လက်မဲ့ ဖြစ်သွားနိုင်တဲ့ အပြစ်မရှိတဲ့ လူတွေအတွက်ပဲ ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် ကလပ်တစ်ခုအနေနဲ့ ချယ်ဆီးက ဒီကိစ္စမှာ အချိန်အကြာကြီး သာယာနေခဲ့တာပါ။ တစ်ယောက်ယောက်က ကလပ်ကို ဝယ်ယူပြီးရင် သူတို့တွေ လမ်းကြောင်းမှန်အပေါ် ပြန်ရောက်သွားပါလိမ့်မယ်။

အင်္ဂလန်မှာရှိနေတဲ့ အာဏာရှင်တွေ ဒူးထောက်သင့်ပြီး ဒီလိဂ်ကို အသင့်အတင့် ကောင်းမွန်စေခဲ့တဲ့အတွက် ယာဂင်ကလော့ပ်ကို ချီးကျူးသင့်သလို လီဗာပူးအသင်းကို ကျေးဇူးတင်သင့်ပါတယ်။

လီဗာပူး မရှိရင် မန်စီးတီးဟာ တစ်ရာသီပြီးတစ်ရာသီ ဒီလိဂ်မှာ လွတ်လွတ်လပ်လပ် ပျံသန်းနေပါလိမ့်မယ်။ လီဗာပူးသာ မရှိခဲ့ရင် နောက်ဆုံး နှစ်အနည်းငယ်အတွင်း ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုက ခရစ္စတ်မတ် ကာလလောက်မှာပဲ ပြီးဆုံးသွားခဲ့ပါလိမ့်မယ်။

ပရီးမီးယားလိဂ်ဟာ အရင်ဆုံး ချယ်ဆီးနဲ့ အဲ့ဒီ့နောက် မန်စီးတီးတို့ကို အဲ့ဒီ့လို ဖြစ်ခွင့်ပြုခဲ့တာပါ။ ဒီနိုင်ငံမှာ ကလပ်တွေလှုပ်ရှားနေတဲ့ နည်းလမ်းကို ပြန်သုံးသပ်ဖို့ လိုအပ်နေပြီဆိုတာ သံသယဖြစ်စရာ မရှိပါဘူး ” လို့ အဲဒရစ်က ရေးသားသွားပါတယ်။