လက်ရှိ အာဆင်နယ်က လီဗာပူးနဲ့ သိပ်တူတယ်လို့ ရိုးသားစွာ ချီးကျူးတဲ့ ယာဂင်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ် အာတီတာရဲ့ အာဆင်နယ်အသင်းကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိနေတဲ့ အသင်းအဖြစ် မှတ်ချက်ပေးခဲ့ပါတယ်။

အာဆင်နယ်ဟာ ကာလရှည် ဝေးကွာနေတဲ့ ချန်ပီယံလိဂ်ကို တစ်ကျော့ပြန်ဝင်ရောက်ဖို့ အားထုတ်နေတဲ့ အသင်းဖြစ်ကာ ဒီရာသီမှာ အဲ့လိုလုပ်ပြနိုင်မယ့် အလားအလာကောင်းတွေ ရှိနေပါတယ်။ ဗုဒ္ဓဟူးနေ့ည အမ်းမရိတ်မှာ နှစ်သင်း ထိပ်တိုက် ယှဉ်ပြိုင်ရာမှာ ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပြီး အာဆင်နယ်ဟာ တလေးတစား ချီးကျူးသင့်တဲ့ အသင်းလို့ ယာဂင်က မြင်ပါတယ်။

ပွဲကြိုမှာပဲ ကလော့ပ်က ” ရာသီစတုန်းက သူတို့ရဲ့ အခြေအနေကို ကျနော် မမှတ်မိပါဘူး။ လက်တလော သူတို့ ကစားနေတဲ့ ပုံစံကိုပဲ မြင်ပါတယ်။ သူတို့မှာ ရှင်းလင်းတဲ့ တည်ဆောက်ပုံ၊ ရှင်းလင်းတဲ့ အိုင်ဒီယာ၊ စနစ်တကျ ညိနှိုင်းမှု၊ ဘောလုံးပိုင်ဆိုင်မှု အခြေခံတဲ့ ကစားပုံ၊ ငယ်ရွယ်မှု၊ အလားအလာကောင်း၊ ပျော်ရွှင်မှုတွေ ရှိနေပါတယ်။

လူစာရင်းထုတ်ရာမှာ ဝါရင့်တိုက်စစ်သမားကို ငယ်ရွယ်ပြီး အလားအလာရှိတဲ့ တိုက်စစ်သမား ၃ ယောက်နဲ့ တွဲဘက်ပေးမယ်။ အတွေ့အကြုံ ပိုရှိတဲ့ နံပါတ် ၆ သမား နှစ်ဦးရယ်၊ အရမ်း အတွေ့အကြုံ မရင့်သေးတဲ့ ခံစစ်ကြောင်းကို ငယ်ရွယ်တဲ့ ဂိုးသမားလေးနဲ့ တွဲဘက်ပေးပါမယ်။ ဒါတောင် စမစ်ရိုးကို မထည့်ရသေးဘူး။ အခြား ကစားသမားကောင်းတွေ မပါသေးဘူး။ သူတို့ကက စိတ်ဝင်စားစရာပါပဲ။

အခြားအသင်းတွေက သူတို့လို မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ အာဆင်နယ်က လမ်းကြောင်းမှန်ပေါ် ပြန်တက်လာတဲ့ အသင်းကြီးတစ်သင်းပါ။ သူတို့နဲ့ ကျနော်တို့ကြားမှာ တူညီမှုတွေ ရှိနေတယ်။ အဲ့လို ပြောလို့ ရပါတယ်။သူတို့က ကလပ်အသင်းကြီးတစ်သင်းဖြစ်ပြီး ကုန်ခဲ့တဲ့ နှစ်များစွာမှာ ဥရောပဝင်ခွင့် ဆုံးရှုံးနေတာမျိုးကို သူတို့ မလိုချင်ခဲ့ပါဘူး။

ဒီရာသီ သူတို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရင် ကျနော်တို့အသင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ပြန်ဝင်တုန်းကလို ခံစားချက်တွေ ကောင်းကြပါလိမ့်မယ်။ မှန်ကန်တဲ့ ဦးတည်ချက်တွေနဲ့ စိတ်လှုပ်ရှားစရာ အသင်းဖြစ်ပါတယ်။

ကျနော် အင်္ဂလန်ကို ရောက်လာကတည်းက ဂန်းနားပရိသတ်တွေက ကျနော်တို့နဲ့ဆို အမြဲတမ်းတော့ မပျော်ရပါဘူး။ ဒါပေမယ့် အခု သူတို့ကြည့်ရတာ အချိန်ကောင်းကို ရောက်လာနေပါပြီ ” လို့ ဆိုခဲ့တာဖြစ်တယ်။

အမ်းမရိတ်မှာ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မှာ လီဗာပူးအသင်းက အနိုင်ရဖို့ လိုအပ်မှာဖြစ်ပြီး ဒါမှပဲ မန်စီးတီးနဲ့ တစ်မှတ်အကွာ အနေအထားကို ရောက်ရှိမှာပါ။ အာဆင်နယ်အတွက်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာ ခိုင်မာနေဖို့အတွက် နိုင်ပွဲတွေ လိုအပ်နေတာမို့ ပွဲကောင်းတစ်ပွဲ ကြည့်ရဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။