ကလော့ပ်ရဲ့ စကားတစ်ခွန်းကြောင့် လီဗာပူးက အိုလီဆီကို စောင့်ကြည့်နေကြောင်း ယူဆလာရ

အာဆင်နယ်ပွဲကြို မီဒီယာတွေ့ဆုံမှုမှာ အမှတ်ပေးဖလားပြိင်ဘက် မန်စီးတီးအသင်းနဲ့ ပတ်သက်ပြီး မေးခံရစဉ် ကလော့ပ်က ထူးထူးခြားခြား စကားတစ်ခွန်း ထည့်ပြောခဲ့ပါတယ်။

မန်စီးတီးသရေကျတဲ့ ပဲလေစ့်ပွဲအကြောင်း မေးခံရစဉ် ကလော့ပ်က ” ခွဲခြမ်းစိတ်ဖြာဖို့ အကြောင်းရင်းတွေကြောင့် ကျနော် စီးတီးပွဲကို ၆၅ မိနစ်စာ အတိအကျကြည့်ခဲ့ပါတယ်။ ဒါကို ယုံချင်ယုံ မယုံချင်နေပါတယ်။ သူတို့ပွဲကို ပွဲချိန်ကြီးမှာ ကြည့်ဖို့အတွက်တော့ ကျနော်မှာ အချိန်မရှိခဲ့ပါဘူး။

ပဲလေစ့်က ကောင်းကောင်းကစားခဲ့ပါတယ်၊ ဒါပေမယ့် စီးတီးကစားတာလည်း အတော်လေး ကောင်းခဲ့ပါတယ်။ အဆုံးသတ် အခြေအနေတွေကိုတော့ မလုပ်နိုင်ခဲ့ဘူးပေါ့။ နောက်ဆုံး မိနစ် ၃၀ လောက်ကို ကျနော် မကြည့်တော့ပါဘူး။ ရလဒ်ကို မြင်တော့ အံ့သြမိခဲ့ပါတယ် ” လို့ ပြောဆိုခဲ့တာပါ။

ဒါပေမယ့်လို့ ကလော့ပ်က ဘာလို့ ပွဲချိန် ၆၅ မိနစ် စာကိုပဲ ကြည့်ခဲ့ရတာလဲ? ဘာလို့ နောက်ဆုံး မိနစ် ၃၀ လောက်ကို မကြည့်ခဲ့တာလဲ? ဆိုတာက မေးခွန်းတစ်ခုဖြစ်လာခဲ့တယ်။

အဲ့တာကြောင့် ပွဲကို သွားရောက် လေ့လာချိန်မှာ ပွဲချိန် ၆၅ မိနစ် အတိအကျမှာပဲ ပဲလေစ့် ညာခြမ်း တိုက်စစ်သမား အိုလီဆီဟာ အခြား တိုက်စစ်သမား အရူးနဲ့ လူစားလဲခံခဲ့ရတာပါ။ ယာဂင်ကလော့ပ် သေချာ စောင့်ကြည့်ခဲ့တာက အိုလီဆီကိုများလားဆိုတဲ့ ယူဆချက်တွေက မြင့်တက်လာခဲ့ပါတယ်။

မနှစ်ကရာသီ ချန်ပီယံဖြစ်ကလပ် ရီးဒင်းအသင်းမှာ ပြိုင်ပွဲစုံ ၄၆ ပွဲ ကစားခဲ့တဲ့ တိုက်စစ်သမားဟာ ကိုယ်တိုင် ၇ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၂ ကြိမ် လုပ်နိုင်ခဲ့သူပါ။ အသက် ၂၀ အရွယ်ပဲ ရှိသေးတဲ့ သူဟာ ဒီရာသီစမှာ ပဲလေစ့်ထံ ကူပြောင်းလာခဲ့သလို ပဲလေစ့်အတွက် ၂၆ ပွဲကစားပြီး ၄ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၈ ကြိမ် လုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

သူဟာ အင်္ဂလန်မှာ မွေးဖွားပေမယ့်လည်း နိုင်ဂျီးရီးယားဖခင်နဲ့ ပြင်သစ်-အယ်ဂျီးရီးယား မိခင်တို့က မွေးဖွားလာခဲ့တာကြောင့် လက်ရွေးစင်အဆင့်မှာတော့ ရွေးချယ်မှု တစ်ခုခုကို ပြုလုပ်ခွင့်ရနေဆဲဖြစ်တယ်။ လက်ရှိမှာတော့ ပြင်သစ် ယူ-၁၈ အသင်းကို ကိုယ်စားပြုထား သူလည်းဖြစ်ကာ ယူ-၁၈ အတွက် ၂ ပွဲ ပွဲထွက်ပေးထားပါတယ်။

လီဗာပူးအသင်းဟာ နွေမှာတော့ လူငယ်ကစားသမားတွေကို ခေါ်ယူပြီး သွေးသစ်လောင်းမယ်လို့ သတင်းထွက်နေတယ်။ အိုလီဆီရဲ့ အသက်အရွယ်နဲ့ အနေအထားဟာ လီဗာပူးအသင်း ခေါ်လိုတဲ့ အချက်တွေနဲ့ ကိုက်ညီနေပါတယ်။ ဒါကြောင့်ပဲ လီဗာပူးက အိုလီဆီကို စိတ်ဝင်စားနေသလားဆိုတဲ့ မေးခွန်းတွေတော့ စတင်ကာ ထွက်ပေါ်လာနေခဲ့ပြီပဲ ဖြစ်ပါတယ်။