စီနီယာအသင်းမှ ဆာလာရဲ့ စံချိန်ကို အမီလိုက်နိုင်ခဲ့ပြီဖြစ်တဲ့ လီဗာပူးကြယ်ပွင့် ကန်နန်နီရာ

လီဗာပူး တိုက်စစ်မှူး ဆာလာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၀ ပြည့်တဲ့ ပထမဆုံး ပရီးမီးယားလိဂ် ကစားသမားဆိုတဲ့ စံချိန်ကို ရရှိခဲ့ပါပြီ။ ဒါပေမယ့်လို့ အမှတ်ပေးလိဂ်မှာ သွင်းဂိုး ၂၀ ပြည့်ခဲ့တာက သူတစ်ဦးတည်းတော့ မဟုတ်ပါဘူး။

စီနီယာအသင်း နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ဘရိုက်တန်ကို အနိုင်ရတဲ့ပွဲမှာ ဆာလာက သွင်းဂိုး ၂၀ ပြည့်ခဲ့သလိုပဲ လူငယ်ကစားသမားလေး အိုခလေ ကန်နန်နီရာက နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ယူ-၁၈ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဒီရာသီ သူ့ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၂၀ ကို ပြည့်သွားခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ အထွန်းတောက်ဆုံး အကယ်ဒမီကြယ်ပွင့် ဖြစ်လာနိုင်သူလို့ သတင်းကြီးနေတဲ့ ကန်နန်နီရာဟာ ယူနိုက်တက်လူငယ်အသင်းနဲ့ ၅-၅ သရေကျတဲ့ပွဲမှာ သူ့ရဲ့ ၂၀ မြောက် သွင်းဂိုးကို ရခဲ့တာဖြစ်တယ်။ သူဟာ ဒီရာသီ လူငယ်အသင်းမှာတော့ ပြိုင်ပွဲစုံ ၃၁ ဂိုးထိ သွင်းယူထားပြီဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ အကျော်ကြားဆုံးသော အန်ဖီးညချမ်းမှာ အိုရီဂီအတွက် ထရန့်ရဲ့ ထောင့်ကန်ဘော မတိုင်ခင် ဘောလုံးပစ်ပေးခဲ့တဲ့ ဘောကောက်လေး ကန်နန်နီရာဟာ လက်ရှိမှာ အကယ်ဒမီအသင်းနဲ့အတူ အတော်လေး တောက်ပနေခဲ့ပါတယ်။

၁၄ နှစ်သားအရွယ်မှာတင် လီဗာပူးရဲ့ ဂန္တဝင်တစ်ဦးလို လူသိများလှတဲ့ ကန်နန်နီရာကတော့ “ မတူညီတဲ့ အကြောင်းရင်းနဲ့အတူ ဘောကောက်လေးအဖြစ် မဟုတ်ဘဲ ကလပ်ရဲ့ ဂန္တဝင်တစ်ဦး ဖြစ်လာလိုပါတယ်။ ထရန့် လုပ်ခဲ့သလိုနဲ့ ထရန့် ရောက်လာခဲ့သလို အသင်းမှာ လုပ်ပြလိုပါတယ် ” လို့ ထုတ်ပြောထားခဲ့သေးတာဖြစ်တယ်။

အသက် ၁၁ နှစ်အရွယ်မှာတင် လိဒ်ကနေ လီဗာပူးကို ရောက်လာပြီး အကယ်ဒမီကို တက်ရောက်ခဲ့တဲ့ ကန်နန်နီရာဟာ ဒီရာသီမှာ အံ့မခန်းလုပ်ပြနေမှုတွေကို ဆက်ပြီး အရှိန်မြင့်နိုင်မယ့် အခြေအနေမှာ ရှိနေဆဲပါ။

၁၆ သင်းအဆင့် ရှုံးထွက်ပွဲအဖြစ် ဂျန့်ကို အနိုင်ရစဉ် သွင်းဂိုး ယူခဲ့သေးတဲ့ ကန်နန်နီရာရဲ့ အသင်းဟာ လူငယ် ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်အဆင့်ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဒီကနေ့ညမှာတော့ လီဗာပူးအသင်းနဲ့ ဂျူဗင်တပ် လူငယ်အသင်းတို့ တူရင်မှာ ထိပ်တိုက်တွေ့မှာဖြစ်ပြီး အနိုင်ရမယ်ဆိုရင် ဆီမီးဖိုင်နယ်အဆင့်ထံ ရောက်ရှိမှာဖြစ်ပါတယ်။

လီဗာပူးအသင်းသမိုင်းမှာ ပထမဆုံးသော လူငယ်ချန်ပီယံလိဂ်ဖလားကို ကန်နန်နီရာတို့ အောင်မြင်ခဲ့မယ်ဆိုရင်တော့ ရာသီကြိုမှာ သူဟာ စီနီယာအသင်းရဲ့ ခေါ်ယူခြင်းကို ခံယူရလိမ့်မယ်လို့ တွက်ဆနေကြတာဖြစ်ပါတယ်။