ဆဲလ်တစ်ကြယ်ပွင့် တိုက်စစ်သမားကို ခေါ်ယူနိုင်ဖို့ အတော်လေး နီးစပ်နေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဆဲလ်တစ် အကယ်ဒမီထွက် တောင်ပံသမား ဘန်ဒုတ်ကို လက်မှတ်ထိုး ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း The Athletic လီဗာပူး James Pearce က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာကမှ အသက် ၁၆ နှစ်ပြည့်ခဲ့တဲ့ တိုက်စစ်သမားဟာ အခုချိန်ထိ ဆဲလ်တစ်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ကို လက်မှတ် မထိုးရသေးပါဘူး။ လီဗာပူးအသင်းက သူ့ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ဆဲလ်တစ်အသင်းကို ပြောင်းရွှေ့ကြေး အနည်းငယ်ပဲ ပေးရမှာဖြစ်ပါတယ်။

ဆဲလ်တစ်ဟာ သူတို့အသင်းရဲ့ အကောင်းဆုံး အကယ်ဒမီထွက်တွေကို ဆက်တိုက် လက်လွတ်နေရမှုနဲ့အတူ ဘန်ဒုတ်ကိုတော့ အသင်းမှာ ဆက်ရှိစေချင်ပါတယ်။ တိုက်စစ်သမားရဲ့ အလားအလာကောင်းတွေကြောင့်ပဲ မန်နေဂျာ Ange Postecoglou က သူ့ကို ဖိအားများတဲ့ ပွဲတွေဖြစ်တဲ့ ဒန်ဒီယူနိုက်တက်နဲ့ ရိန်းဂျားလို ပွဲတွေမှာပါ ပွဲကစားခွင့်မိနစ်တွေ ပေးထားပါတယ်။

လူငယ်ကစားသမားရဲ့ တိုးတက်ရိပ်ကို မြင်ထားတဲ့ လီဗာပူးအသင်းဟာ ဘမ်ဒုတ်ကို သဘောကျနေပြီး ယာဂင်ကလော့ပ် လက်ထက် လူငယ်ကစားသမားတွေကို နေရာပေးမှုအရ သူ့ကို သွေးဆောင်နိုင်မယ်လို့ ယုံကြည်ထားတယ်။ များစွာသော ကလပ်တွေက သူ့ကို စိတ်ဝင်စားထားပေမယ့် ယာဂင်ကလော့ပ် လက်အောက် ကစားခွင့်ကို ဘမ်ဒုတ်က ရလိုနေတယ်လို့လည်း သိရပါတယ်။

ဒုတ်ဟာ အတော်လေး မြန်ဆန်တဲ့ တောက်ပံသမားဖြစ်ပြီး ကွင်းလယ်တိုက်စစ်နေရာကလည်း ကစားနိုင်တယ်။ သူဟာ ကောင်းမွန်တဲ့ first touch နဲ့ ဘောလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသူဖြစ်ပါတယ်။ တိုက်ရိုက်ကစားသူ ပိုဆန်ပြီး ယုံကြည်မှုရှိရှိနဲ့ တိုက်စစ်ကစားနိုင်စွမ်းက လီဗာပူးကို မျက်စိကျစေပါတယ်။

လီဗာပူးက သူ့ကို ခေါ်ယူနိုင်မယ်ဆိုရင် သိပ်ကောင်းတဲ့ လူငယ်ကြယ်ပွင့်တ တစ်ဦးကို ရလိုက်တာဖြစ်ဖို့ ရှိနေပြီး အကယ်ဒမီမှာ လုံလောက်တဲ့ တိုးတက်မှု ပြသနိုင်မယ်ဆိုရင် စီနီယာအသင်းထံ ခေါ်ယူခွင့်ရမယ့်သူလို့ သုံးသပ်ခံရမှုတွေ ရှိလာနေပါတယ်။