နယူး ကာဆယ်က ချယ်ဆီးကို ယှဉ်ကစားပါလိမ့်မယ် ဆိုတဲ့ မိုက်ကယ်အိုဝင်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်

ဒီတပတ် ပရီးမီးယားလိဂ်မှာ ချယ်ဆီး အသင်းဟာ နယူးကာဆယ် အသင်းနဲ့ တွေ့ဆုံနေပြီး စတန်းဖို့ဘရစ်ချ် ကွင်းမှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။

နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က ချယ်ဆီးနဲ့ နယူးကာဆယ်တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အိုဝင်က – ” ဒီတလောကတော့ ချယ်ဆီးအတွက် ကွင်းပြင်မှာ ထူးဆန်းတဲ့ ကိစ္စတွေနဲ့ ခက်ခဲတဲ့ သီတင်းပတ် ဖြစ်နေပါတယ်။ နောဝစ်ချ်နဲ့ ပွဲမှာတော့ သူတို့ လုပ်စရာ ရှိတာ လုပ်ပြသွားခဲ့တယ်။ ကျနော်တော့ ဒီနောက်ပိုင်း ကိုင်ဟာဗက်ဇ် ကစားတာကို သိပ်ကြိုက်နေတယ်။

သူက ဒီအသင်း တိုက်စစ်မှာ အဓိက လူ ဖြစ်လာနေတယ်။ သူက ကစားကွက်ကို ချိတ်ဆက်တယ်၊ ကောင်းမွန်တဲ့ ပြေးလွှားမှုတွေ လုပ်သလို ဂိုးလည်း ပုံမှန် သွင်းလာနိုင်တယ်။

နယူးကာဆယ် အတွက်လည်း ပိုကောင်းတဲ့အရာတွေ ဖြစ်လာနေတယ်။ ဆောက်သမ်တန်ကို နိုင်တဲ့ပွဲရလဒ်က ကြီးမားပါတယ်။ အဲဒီပွဲကြောင့် သူတို့ တန်းဆင်းဇုန် အန္တရာယ်ကနေ စိတ်ချရသွားတယ်။

ဘရူနို ဂွီးမားရက်စ် က နာမည်ကောင်းနဲ့ တန်ကြေးမြင့် ရောက်ရှိလာသူပါ၊ သူ့တန်ဖိုးကို ဗုဒ္ဓဟူးနေ့က ပွဲမှာ တချက်တချက် ပြသသွားခဲ့တယ်။ သူက ပွဲ အများကြီး မကစားရသေးပါဘူး။ ဒါပေမယ့် အဲဒီ နောက်ပေါက်နဲ့ ဂိုး အဆုံးသတ်သွားတာကတော့ လှလွန်းတယ်။

နယူးကာဆယ်က တိုးတက်မှုတွေ အများကြီး ပြသထားပြီ ဖြစ်ပြီး ဒီပွဲမှာ ချယ်ဆီးကို ယှဉ် ကစားပါလိမ့်မယ်။ ဒါပေမယ့် ချယ်ဆီးက သိပ်အင်အားတောင့်တဲ့ အသင်းလို့ ကျနော် မြင်ပါတယ်။” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၂-၁ နယူးကာဆယ် ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ မတ်လ ၁၃ ရက်၊ တနင်္ဂနွေနေ့ ည ၈နာရီခွဲမှာ ယှဉ်ပြိုင်ကြမှာပါ။