ဘန်လေဘက် ဂိုးသွင်းခဲ့ပေမယ့် နည်းပြ တူချယ် ဆူတာ ခံလိုက်ရတဲ့ ကိုင်ဟာဗက်နဲ့ ပူလီဆစ်

ချယ်ဆီးနည်းပြ တူချယ်ကတော့ မနေ့က ဘန်လေကို ၄-၀ နဲ့ အနိုင်ရခဲ့ပေမယ့် ထိုပွဲမှာ သူ ခြေစွမ်းပိုင်း အားမရခဲ့တဲ့ တိုက်စစ်သမားတွေကို သတိပေးခဲ့ပါတယ်။

ညက ပွဲမှာ ချယ်ဆီးက ပထမပိုင်းပြီးချိန်ထိ ဂိုးမရှိ သရေကျနေခဲ့တာပါ။ ဒဏ်ရာကြောင့် ကာလရှည် နားနေခဲ့ရာက ပြန်ပါဝင်လာတဲ့ ရီစီဂျိမ်းစ်က ဒုတိယပိုင်းမှာ ဦးဆောင်ဂိုး စတင် သွင်းယူလိုက်ပြီးနောက် ချယ်ဆီး ဂိုးတွေ ဆက်ရလာခဲ့ပြီး ကိုင်ဟာဗက်က ၂ ဂိုး၊ ပူလီဆစ် ၁ ဂိုး သွင်းယူခဲ့ကာ ၄ ဂိုး ပြတ် အနိုင်ရခဲ့ပါတယ်။

နည်းပြ တူချယ်ကတော့ သူ့ရဲ့ ဂိုးသွင်းရှင် ၂ဦး အပါအဝင် ချယ်ဆီး တိုက်စစ်သမားတွေရဲ့ စွမ်းဆောင်ရည် အပေါ် အားမရ ဖြစ်နေပြီး ပွဲပြီး အင်တာဗျူးမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

” သူတို့တွေ အသင်းအတွက် ဦးဆောင် ရပ်တည်ရမှာပါ၊ တိုက်စစ်သမား ၃ ယောက်လုံး လိုအပ်ချက်တွေ ရှိနေတယ်၊ ဒီနေ့ပွဲက ခြေစွမ်းတွေက လုံလောက်မှု မရှိဘူး။ ဒုတိယပိုင်းမှာ ပိုပြီး ကစားတာ ကောင်းလာခဲ့တယ်။ ပွဲချိန်ဝက် နားချိန်တုန်းက အေးအေးဆေးဆေးပါပဲ။

ဘာတွေ မှန်အောင် လုပ်ရမယ် သတိပေး ထောက်ပြခဲ့တယ်။ နောက်ပြီး ပြိုင်ဘက်ဧရိယာထဲမှာ စိတ်ရှည်ဖို့ ရောပေါ့။ လိုအပ်ချက်တွေကတော့ ရှေ့မှာ ရှင်းရှင်းလင်းလင်း မြင်နေရတာပဲ။ ဂိုးရသွားတာကတော့ ပွဲ ထဲမှာ ကျနော်တို့ ယုံကြည်မှု ပို တက်သွားစေတယ်။ တိုက်စစ်က ပိုပြီး လွတ်လပ်၊ အထာကျသွားခဲ့တယ်။

တဖက်မှာလည်း ကွင်းက အရမ်းခြောက်တော့ ကစားရ ခက်ခဲတယ်၊ ချိတ်ဆက်ရ ခက်တယ်။ ဘောလုံးက ခြေထဲမှာပဲ လည်နေတော့တာ။ ဘောလုံး ပေးလိုက်ရင် တစ်စက္ကန့်လောက် အမြဲလိုလို နောက်ကျ ကျန်နေတယ်။ ပွဲ ရလဒ်ကတော့ အားရစရာ ကောင်းခဲ့ပါတယ်။ ” လို့ တူချယ်က ပြောဆိုခဲ့ပါတယ်။