ဖီဖာ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆု ရရှိသွားတဲ့ ချယ်ဆီးနည်းပြ တူချယ်ရဲ့ ဝမ်းမြောက် စကားသံ

ချယ်ဆီး အသင်း နည်းပြ သောမတ်စ် တူချယ် ဟာ မနေ့ည က ကျင်းပခဲ့တဲ့ ဖီဖာရဲ့ တနှစ်တာ အကောင်းဆုံး ဆုပေးပွဲမှာ ၂၀၂၁ ခုနှစ် အတွက် အကောင်းဆုံး အမျိုးသား နည်းပြဆုကို ရရှိသွားခဲ့ပါတယ်။ တူချယ်ဟာ ဒီမတိုင်ခင်က ယူအီးအက်ဖ်အေမှ ချီးမြှင့်တဲ့ ဥရောပ တနှစ်တာ အကောင်းဆုံး နည်းပြဆုကိုလည်း ရထားပါသေးတယ်။

ဖီဖာရဲ့ တနှစ်တာ အကောင်းဆုံး နည်းပြဆုမှာ တူချယ် ဟာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာနဲ့ ယူရို ၂၀၂၀ ချန်ပီယံ အီတလီ လက်ရွေးစင် နည်းပြ ရော်ဘတ်တို မန်ချီနီ တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးခဲ့ခြင်းပါ။

ဒီဆုကို ဗီဒီယို ကွန်းဖရန့်မှတဆင့် အာဆင်နယ် ဂန္တဝင် နည်းပြဟောင်း အာဆင်ဝင်းဂါးမှ ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ချယ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ ထိုဆုကို ရရှိခဲ့ခြင်း အပေါ် ကော့ဘ်ဟမ်း လေ့ကျင့်ရေး စင်တာကနေ အခုလိုပဲ ကျေးဇူးတင် ဝမ်းမြောက်စကား ဆိုခဲ့ပါတယ်။

တူချယ် က ” ဒီဆု အတွက် ကြေညာချက် မထွက်ခင် ကျွန်တော့ အတွက် ဒီနေ့ဟာ ပုံမှန်နေ့လေး တနေ့ပါပဲ။ လေ့ကျင့်ရေး စင်တာမှာ နောက်နေ့ ကစားမယ့် ပွဲအတွက် ပြင်ဆင်ဖို့ ကျွန်တော် ရောက်လာတယ်။ အသင်းသားတွေနဲ့ အတူ လေ့ကျင့်ခဲ့တယ်။ ”

” အခုတော့ ဖီဖာက ရောက်လာတဲ့ စာအိတ်ကို ဖွင့်ဖောက်ကြည့်မှ တနှစ်တာ အကောင်းဆုံး နည်းပြဆုမှာ ကျွန်တော့ နာမည်ကို မြင်လိုက်ရတော့ ကျွန်တော်ဖြင့် အံ့သြလို့မဆုံးပါဘူး။ အမှန်အတိုင်း ပြောရရင် စိတ်က နည်းနည်း မသက်မသာ ဖြစ်သလို ခံစားရပါတယ်။ ”

” ဒီကလပ်မှာ နေထိုင် ဖြတ်သန်းလာတဲ့ အချိန်တိုင်း ခရီးတိုင်းကို ကျွန်တော် နှစ်သက်မှု ရှိပါတယ်။ လောလောဆယ် အထိ ဒီကလပ်နဲ့ ကျွန်တော် ဟာ လိုက်ဖက်နေတယ်လို့ ခံစားရပြီး၊ ဖြတ်သန်းလာတဲ့ ခရီး တလျှောက်မှာ ကျွန်တော်နဲ့ အတူ ပါရမီ ဖြည့်ပေးကြတဲ့ နည်းပြ အဖွဲ့ဝင်တွေနဲ့ ကစားသမားတွေရဲ့ အရည်အချင်းကလည်း ကောင်းကြတယ်။ ”

” ဒီလို လူတွေ ကျွန်တော့ အနားမှာ ရှိနေတာကို ကျေးဇူးတင်မိသလို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ကလပ် တသင်းမှာ ရှိနေလို့လည်း ကျွန်တော် ဝမ်းသာမိပါတယ်။ ဒီရာသီ ပြည်တွင်းလိဂ်မှာ ကျွန်တော်တို့ဟာ မန်စီးတီး အနောက် အမှတ် အတော်များများ ပြတ်ကျန်ခဲ့ပြီ ဆိုပေမယ့် ကျန်တဲ့ ဖလားပြိုင်ပွဲတွေမှာ ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်တွေကို ဖြည့်ဆည်းနိုင်ပါသေးတယ်။ ”

” ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ အကောင်းဆုံး အဆင့်ကို ရောက်လာအောင် အမြင့်ဆုံး အဆင့်မှာ ယှဉ်ပြိုင်နိုင်အောင် ကိုယ်စီ ကြိုးစားနေကြပါတယ်။ ကျွန်တော်ဟာ အာဆင်ဝင်းဂါး အပေါ် ကြည်ညို လေးစားသူတွေထဲက တဦးပါ။ ခုလို သူနဲ့ အတူ မျက်နှာချင်းဆိုင် ခဏတာ စကားပြောရတာလည်း ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်။ ”

” အနာဂတ်မှာလည်း ကျွန်တော်ဟာ အသင်းရဲ့ အိပ်မက်တွေကို ဆက်လက် ဖြည့်ဆည်းပေးဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ်။

ချယ်ဆီးအသင်းမှ တူချယ် သာမက အမျိုးသမီး နည်းပြ အမ်မာဟေးစ် ဟာလည်း ဖီဖာရဲ့ တနှစ်တာ အကောင်းဆုံး အမျိုးသမီး နည်းပြဆုကို ဆွတ်ခူးခဲ့ပါသေးတယ်။