ချယ်ဆီး ပရိသတ်တွေနဲ့ နည်းပြကို မလေးမစား လုပ်တာ မဟုတ်ဘူး ဆိုတဲ့ လူကာကူရဲ့ တောင်းပန်စကား

ဒီတလော အင်တာဗျူး ဂယက်ကြောင့် လီဗာပူးနဲ့ ပွဲမှာ တိုက်စစ်မှုး လူကာကူ ကို ချန်လှပ်ခဲ့ပေမယ့် ဘယ်လ်ဂျီယံ သားဟာ သူ့ အပြောအဆိုတွေ အတွက် ပြန်လည် တောင်းပန်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် စပါး အသင်းနဲ့ ကစားမယ့် ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲစဉ်အတွက် အသင်းလူစာရင်းမှာ လူကာကူ ပြန်လည် ပါဝင်မှာဖြစ်တယ်လို့ နည်းပြ တူချယ်လ် က ပြောလိုက်ပါတယ်။

လူကာကူနဲ့ တူချယ်လ် တို့ဟာ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တနလာင်္နေ့က တွေ့ဆုံဆွေးနွေးခဲ့တာပါ။ လူကာကူ ကတော့ ဒီလိုဖြစ်ခဲ့တဲ့အတွက် တောင်းပန်ကြောင်း ပြောခဲ့ပါတယ်။

လူကာကူ က “ ဒီအင်တာဗျုးက အင်တာမီလန် အသင်း ပရိသတ်တွေကို နှုတ်ဆက်တဲ့ အကြောင်းနဲ့ ပတ်သက် တာပါ။ ဒါဟာ ချယ်လ်ဆီး အသင်း ပရိသတ်တွေ၊ အသင်းဖော်တွေ၊ ကလပ်နဲ့ နည်းပြအပေါ်မှာ မလေးစားဖို့ ကြိုးပမ်းခဲ့တာ မဟုတ်ပါဘူး”

“သူတို့က ကျွန်တော့်ကို ဒီကိုခေါ်လာဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ကျွန်တော်ကလည်း ဒီကို ပြန်လာချင်ခဲ့တာပါ။ ပရိသတ်တွေ စိတ်ပျက်နေမှုကို အပြည့်အဝနားလည်ပါတယ်။ အခုအချိန်မှာ (၁၀၀)ရာခိုင်နှုန်း အသင်းအတွက် ပေးဆပ်ထားတယ် ဆိုတာကို သေချာအောင် လုပ်ဖို့က ကျွန်တော့်အပေါ်မှာပဲ ရှိတယ်”လို့ ပြောဆိုခဲ့ပါတယ်။

လူကာကူ ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကမှ အင်တာမီလန် အသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ ကြေးပေါင်(၉၇ ဒသမ ၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံ တိုက်စစ်မှူး ဟာ ချယ်ဆီး အသင်းမှာ မပျော်ရွှင်တာ အပါအဝင် အင်တာမီလန် အသင်းမှာ ပြန်ကစားချင်တဲ့အကြောင်းကို ပြောထားခဲ့တာပါ။

လူကာကူ ကအသင်းပရိသတ်တွေကို “ပရိသတ်တွေကို စိတ်ပျက်စေခဲ့မိလို့ တောင်းပန်ပါတယ်။ ကလပ်နဲ့ ကျွန်တော့် အကြားက ဆက်စပ်မှုတွေကို ခင်ဗျားတို့လည်း သိပါတယ်။ ခင်ဗျားတို့ စိတ်ဆိုးဒေါသထွက်နေတာကို အပြည့်အ၀ နားလည်ပါတယ်”

“ဒါက မှန်ကန်တဲ့ အခိုက်အတန့် မဟုတ်ပါဘူး။ ဒီဖြစ်ရပ်တွေကိုမေ့ပြီး ကျွန်တော်ရှေ့ဆက်သွားချင်ပါတယ်။ အသင်းနဲ့ အတူ အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားသွားမှာဖြစ်တယ်” လို့ ဆိုခဲ့ပါတယ်။

နည်းပြ တူချယ်လ် ကလည်း လူကာကူ ဟာ တောင်းပန်ထားပြီး အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လုပ်နေပြီလို့ ပြောခဲ့ပါတယ်။

တူချယ်လ် က “ကျွန်တော်တို့ ပြန်ကြည့်ဖို့ အချိန်ပေးထားပါတယ်။ ကျွန်တော့်အတွက် အရေးကြီးဆုံးအရာက ရှင်းရှင်းလင်းလင်း နားလည်ဖို့ပါပဲ။ဒါက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာမဟုတ်ပါဘူး။ပွဲကြီးမလာခင်မှာ ဒီလို ဆူညံသံတွေ ဖြစ်လာအောင် ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ခဲ့တာမဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။