ကာကွယ်ဆေးထိုးဖို့ ငြင်းတဲ့သူတွေကို အပြစ်မတင်လိုဘူးလို့ ပြောလာတဲ့ ချယ်ဆီးနည်းပြ တူချယ်

ချယ်ဆီး အသင်းဟာ ဒီတလော ကိုဗစ် ကူးစက် ရိုက်ခတ်မှုတွေ ခံနေရတဲ့ ပရီးမီးယားလိဂ် ကလပ်တွေထဲ ပါဝင်လာပြီး ဒီနေ့ည ကာရာဘောင်ဖလားပွဲစဉ်မှာ ယူ-၂၃ ကစားသမားတွေ ထည့်သုံးရတော့မှာပါ။ ဒါပေမယ့် နည်းပြ တူချယ်ကတော့ ကိုဗစ် ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်တဲ့သူတွေဟာလည်း ငြင်းခွင့်ရှိကြောင်း ပြောခဲ့ပါတယ်။

ဘရန့်ဖို့ဒ်နဲ့ ပွဲမတိုင်ခင် သတင်းစာ ရှင်းလင်ပွဲမှာ တူချယ်က “ကျွန်တော် (အပြစ်တင်) လက်ညိုးတွေ လိုက်ထိုးတဲ့နေရာမှာ မပါချင်ဘူး။ ဆေးမထိုးတဲ့သူတွေကို အပြစ်မပြောလိုပါဘူး။ ဒါက ရွေးချယ်စရာတစ်ခုပါပဲ။ ကျွန်တော့်မှာလည်း အမြင်တွေ ရှိနိုင်ပေမဲ့ ကစားသမားတွေကလည်း သူ့အမြင်နဲ့သူ ရှိနိုင်ကြပါတယ်။

ကျွန်တော်တို့ လူတွေအားလုံး ဆေးထိုးဖို့ အတင်းတိုက်တွန်းလို့ မရပဲ အဲ့ဒီအပေါ် ကျွန်တော့်အမြင်က ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကျွန်တော် ဆေးထိုးထားပါတယ်။ အဲ့ဒါက ကျွန်တော် ရွေးချယ်ထားတဲ့ အရာတစ်ခုပါပဲ။ ကျွန်တော်က ဒါမျိုး အရာတွေကို မှတ်ချက်ပေးနိုင်တဲ့ ကျွမ်းကျင်သူလည်း မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

တူချယ်က ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်ကို ကိုဗစ်နဲ့ ဆက်စပ်တဲ့ ကိစ္စတွေကြောင့် ၇ဦးလောက် လွဲချော်မယ်လို့ မျှော်လင့် ထားကြောင်းလည်း ပြောခဲ့ပါတယ်။

ဂျော်ဂျင်ဟိုကတော့ ဒီညပွဲမှာ ပြန်ပါလာဖို့ ရှိပေမဲ့ ယူ-၂၃က ခေါ်ထားတဲ့ လီဝစ် ဘိတ်ကာကတော့ ပိုးတွေ့ရှိရမှုကြောင့် လွဲချော်မှာပါ။ ခရစ္စတီယန်ဆန်နဲ့ ချာလိုဘတ် တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်ဖို့ မသေမချာ ဖြစ်နေသလို ဒူးဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ကန်တီဟာလည်း ပါနိုင်ဦးမှာမဟုတ်ပါဘူး။

တူချယ်က “ကျွန်တော် အခုကို ကစားစေချင်ပါတယ်။ ကျွန်တော်တို့ ကစားသမားတွေနဲ့ သူတို့ရဲ့ ကျန်းမားရေးအပေါ် ကာကွယ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူတို့ကို အကယ်ဒမီကနေ ခေါ်ထားတာပါ။ ဒါက လျှို့ဝှက်ထားစရာ ကိစ္စမဟုတ်ပဲ သူတို့ကို ပေးကစားဖို့ စဉ်းစားထားပါတယ်။

ကျွန်တော်တို့ ပြိုင်ပွဲတိုင်းအတွက် ယှဉ်ပြိုင်နေတာကြောင့် ဘယ်ပွဲက အရေးပါတယ်ဆိုပြီး မပြောချင်ပါဘူး။ ဒါပေမဲ့ ဘောလုံးက ဒါမျိုး မဟုတ်တာကြောင့် ကျွန်တော်တို့ အတင်းကြီး ကန်ခိုင်းတာမျိုး လုပ်ရရင် ကျွန်တော့်ကို စိတ်မကောင်းဖြစ်စေပါတယ်”လို့ ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ၁၆% သော ကစားသမားတွေဟာ ဆေးထိုးထားခြင်း မရှိပဲ ဘန်လေနဲ့ ဝက်ဖို့ဒ်ပွဲစဉ်ကို ဆေးမထိုးရသေးတဲ့ ကစားသမားတွေမှာ ပိုးတွေ့တာကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။