ပဲလေ့စ်ကို ဂိုးပြတ် အနိုင်ယူပြီး ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ဖို့ တာထွက်လှသွားတဲ့ ချယ်ဆီး

ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ဖို့ ချယ်ဆီး အသင်း ဟာ ဥရောပစူပါဖလားပွဲစဉ်က လူစာရင်းကို အပြောင်းအလဲ အနည်းငယ်လုပ်ပြီး ပွဲထွက်လာခဲ့ပါတယ်။

ကန်တေကို အနားပေးပြီး ကွင်းလယ်ကို ဂျော်ဂျင်ညို၊ ကိုဗာချစ်တို့နဲ့ တည်ထားတယ်။ မေဆင်မောင့်ထ်၊ ပူလီဆစ်တို့ ပါလာတယ်။ ခံစစ်မှာလည်း လူငယ်ကြယ်ပွင့်လေး ချာလိုဘတ်ကို နေရာပေးဆက်ပေးခဲ့ပြီး ခရစ္စတန်ဆန်၊ ရူဒီဂါတို့နဲ့ တွဲပေးခဲ့ပါတယ်။

ချယ်ဆီးအသင်းကပဲ တစ်ပွဲလုံးကို လွယ်လွယ်ကူကူပဲ လွှမ်းမိုးသွားနိုင်ခဲ့ပြီး သွင်းဂိုးတွေကို သက်တောင့်သက်သာပဲ ရယူခဲ့တာ ဖြစ်ပါတယ်။ ပဲလေ့စ်အနေနဲ့ ခံစစ်ကစားပုံက ဟာကွက်တွေ များလွန်းခဲ့သလို ဇာဟာ၊ အာယူတို့အားနဲ့ တန်ပြန်တိုက်စစ် ဆင်နိုင်ဖို့ ကြိုးစားပေမဲ့လည်း သိပ်အလုပ်မဖြစ်ခဲ့ပါဘူး။

ကွင်းလယ် တိုက်စစ် မြိုင်ဆိုင်နေတဲ့ ချယ်ဆီးဟာ ပထမပိုင်းကတည်းက အလွန်ဆို၊ ပူလီဆစ်တို့ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ စောစောစီးစီးပဲ ဂိုးပြတ်ဦးဆောင်နိုင်ခဲ့တာကြောင့် ကျန်ပွဲချိန်တွေဟာ အေးအေးဆေးဆေး ကစားသွားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ခြေစွမ်းပြနေတဲ့ လူငယ်နောက်ခံကစားသမားလေး ချာလိုဘက်က လှပတဲ့ အဝေးကန်ချက်နဲ့ ချယ်ဆီးအတွက် တတိယဂိုး ထပ်သွင်းတယ်။ စီနီယာကစားသမားဘဝ ပထမဆုံး သွင်းဂိုးအတွက် လူငယ်လေး တစ်ယောက် ပျော်ရွှင်စိတ်လှုပ်ရှားနေတာဟာ ချယ်ဆီးအသင်းဖော်တွေအတွက်ရော ပရိသတ်တွေအတွက်ပါ လှပတဲ့ မြင်ကွင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ကျန်ပွဲချိန်တွေမှာတော့ ချယ်ဆီးက ရီးစ်ဂျိမ်းစ်၊ ကိုင်းဟားဗက်ဇ်တို့ကို ထည့်သွင်းခဲ့ကာ ခရစ္စတယ်ပဲလေ့စ်ကလည်း လူစားလဲ အပြောင်းအလဲလုပ်ခဲ့ပေမဲ့လည်း ထူးလာခြင်း မရှိခဲ့ဘဲ ချယ်ဆီးကပဲ အနိုင်နဲ့ ပိုင်းနိုင်ခဲ့ပါတယ်။

ဥရောပ ချန်ပီယံ ချယ်ဆီးဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ပဲလေ့စ်ကို ဂိုးပြတ်အနိုင်ရလိုက်တဲ့နောက် ခြေစွမ်း အကောင်းစားတွေဟာ အမှတ်ပေးဖလား ကောင်းကောင်း စိန်ခေါ်နိုင်ကြောင်း ပြိုင်ဘက်တွေကို အသိပေးရာ ရောက်ပြီး တာထွက်လှခဲ့ပြီ ဖြစ်ပါတယ်။