အကယ်ဒမီမှ အကောင်းဆုံး လူငယ်ကြယ်ပွင့်လေးကိုလည်း အငှားလွှတ်တော့မယ့် ချယ်ဆီး

၂၀၂၁ခုနှစ် ချယ်ဆီးအသင်း အကောင်းဆုံး လူငယ်ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ တီနိုလစ်ဗာမန်တိုဟာ ချယ်ဆီးစီနီယာအသင်းကြီးမှာ နေရာရဖို့ မလွယ်ကူတာကြောင့် အခုနှစ် နွေဈေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်လျက်ရှိနေပြီး သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲကမှ ဆောက်သမ်တန်အသင်းဆီ ပြောင်းရွှေ့ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်းဟာ အသင်းရဲ့လူငယ်ကစားသမားလေးတွေဖြစ်တဲ့ မေဆန်မောင့် ရီးစ်ဂျိမ်းစ်တို့ကို အသင်းမှာ နေရာပေးလာခဲ့ရာကနေ ဒီကစားသမားတွေက အသင်းရဲ့ အမာခံကစားသမားတွေ ဖြစ်လာခဲ့ပေမယ့်လည်း အသင်းမှာက ထိပ်တန်းကစားသမားတွေကိုသာ နေရာပိုပေးလေ့ရှိတာကြောင့် အကယ်ဒမီထွက် ကစားသမားတွေအတွက် စီနီယာအသင်းကြီးမှာ နေရာရဖို့က အခက်အခဲကြီးတစ်ခုလို ဖြစ်နေရပါတယ်။

ဒါကြောင့်ပဲ ဒီဈေးကွက်ထဲမှာပဲ အသင်းရဲ့လူငယ်ကစားသမားတွေဖြစ်တဲ့ ဂယ်ဟီနဲ့ ပီရတ်ဟားရစ်တို့က ချယ်ဆီးကနေ ထွက်ခွာခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ ဘရန်ဖိုဒ့်အသင်းတွေဆီကို ပြောင်းရွှေ့သွားခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိမှာလည်း ချယ်ဆီးအသင်းဟာ နောက်ထပ် လူငယ်ကြယ်ပွင့် ညာနောက်ခံကစားသမားလေးဖြစ်တဲ့ လစ်ဗာမန်တိုကိုပါ ထပ်မံလက်လွတ်သွားရတော့မှာဖြစ်ပြီး ဆောက်သမ်တန်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၅)သန်းနဲ့ ရောက်ရှိဖို့ နီးစပ်နေပြီလို့ သိရှိရပါတယ်။

လစ်ဗာမန်တိုရဲ့ ချယ်ဆီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကလည်း လာမယ့် ၂၀၂၂ခုနှစ်မှာပဲ ကုန်ဆုံးတော့မှာဖြစ်လို့ အသင်းဘက်ကနေ ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ရဖို့အတွက် ဒီနွေဈေးကွက်မှာပဲ Cut-price နဲ့ ရောင်းထုတ်သွားဖို့ စီစဉ်လိုက်ရတာဖြစ်ပါတယ်။