လီဗာပူးရဲ့ ကစားပုံနဲ့ နည်းစနစ်ကို အရမ်း အထင်ကြီးတယ်လို့ ဝန်ခံတဲ့ စပိန်ဂန္တဝင်ကြီး ဇာဗီ







UNICODE

ကလပ်များကမ္ဘာဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ ကာတာကို ရောက်ရှိနေတဲ့ လီဗာပူးအသင်းနဲ့ မန်နေဂျာယာဂင်ကလော့ပ်ကို အတော်လေး အထင်ကြီးပါတယ်လို့ စပိန်ဂန္တဝင်ကွင်းလယ်လူကြီး ဇာဗီက ချီးကျူးပြောဆိုပါတယ်။

ဘာစီလိုနာကွင်းလယ်လူဟောင်းဟာ ကာတာကလပ်ကို ကိုင်တွယ်နေတာဖြစ်ပြီး သူကိုင်တွယ်တဲ့ ကလပ်က ဆီမီးကို မရောက်ခင်မှာပဲ ပြုတ်ကျန်ခဲ့ပါပြီ။ ဇာဗီကတော့ ကလပ်များကမ္ဘာဖလားကို အနိုင်ရဖို့ ရေပန်းအစားဆုံးဖြစ်တဲ့ လီဗာပူးရဲ့ နည်းစနစ်နဲ့ ကစားဟန်ကို အထင်ကြီးပြိး ပြီးပြည့်စုံတယ်လို့တောင် ညွှန်းဆိုပါတယ်။

ဇာဗီက ” လီဗာပူးနဲ့ ယာဂင်ကလော့ပ်တို့ ကျနော်ကို အထင်ကြီးစေတာကတော့ သူတို့ရဲ့ ပြင်းပြတဲ့ စိတ်ဓါတ်ပိုင်းပါပဲ။ တိုက်စစ်ကော ခံစစ်မှာပါ သူတို့က ဒီလို စိတ်ဓါတ်နဲ့ ကစားပြီး တိုက်စစ်သမား သုံးဦးနဲ့ ဖိအားပေးပါတယ်။ သူတို့က လိုင်းတွေကြားက နေရာလွတ်တွေကိုလည်း အသုံးချပြီး ဖိအားပေးမှုတွေကို အဲ့နေရာတွေကနေ လုပ်ဆောင်ပါတယ်။

လီဗာပူးက တိုက်စစ်ဆင်ရခက်စေတဲ့ အသင်းဖြစ်သလို ရုပ်ပိုင်းဆိုင်ရာမှာလည်း အရမ်းကို ကြံ့ခိုင်ပါတယ်။ Second ball တွေကိုလည်း အမြဲတမ်း အနိုင်ရတယ်၊ သူတို့ရဲ့ နည်းစနစ်အပေါ်မှာလည်း အတော်ကို ကြိုးစားအားထုတ်တယ်။ ပွဲထဲက နယ်ပယ် အတော်များများကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားပါတယ်။

တိုက်စစ်နဲ့ ခံစစ် အကူးအပြောင်းတွေမှာ လီဗာပူးကစားပုံက ပြည့်စုံလွန်းလှတယ်။ ဘယ်လို ခံစစ်ကစားမလဲ၊ ဘယ်လို ကစားမှုကို ချမလဲ၊ ကောင်တာကို ဘယ်လို ပြန်တိုက်မလဲ ဒါတွေကို အရှိန်ကောင်းတဲ့ ကစားသမားတွေနဲ့ တွဲဘက်ပြီး ယာဂင်ကလော့ပ်က ပြင်းပြစွာ ကစားစေပါတယ်။

ကျနော် အထင်ပြောရရင် အဲ့လိုတွေ ကစားနိုင်ဖို့ လေ့ကျင့်ရေးကွင်းမှာ သူ အတော်လေးကို တောင်းဆိုမှုကြီးတွေနဲ့ မောင်းနင်မှာပါ။ ဒီလို စွမ်းအားတွေအပြည့်နဲ့ ကစားနိုင်ဖို့ ယာဂင်ကလော့ပ် လုပ်ဆောင်ပြမှုတွေက အထင်ကြီးဖို့ ကောင်းပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။