အစ်ဝစ်ချ် ကို ဂိုးပေးရတာ ချဲလ်ဆီးပရိသတ်တွေကြောင့် လို့ လက်ညှိုးထိုးလိုက်တဲ့ နည်းပြ မာရက်စ်ကာ

ချဲလ်ဆီး နည်းပြ အန်ဇိုမာရက်စ်ကာဟာ စတမ်းဖို့ဒ်ဘရစ်ချ်တွင် အစ်ဝစ်ချ်နှင့် ၂ ဂိုးစီသရေကျကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထိုးနှက်ချက်ကြုံရပြီးနောက် ချဲလ်ဆီးပရိသတ်များကို အပြစ်တင်လာပါတယ်။

ချဲလ်ဆီးဟာ စတမ်းဖို့ဒ်ဘရစ်ချ်တွင် ၂-၀ ဂိုးဖြင့် ရှုံးနိမ့်နေရာမှ ရမှတ်တစ်မှတ်ရရှိအောင် တိုက်ပွဲဝင်ခဲ့ရပါတယ်။

ပွဲအပြီးတွင် မာရက်စ်ကာက နိုင်ပွဲ ရရှိရန်အတွက် ပရိသတ်အားပေးမှု လိုအပ်ကြောင်း၊ တိတ်ဆိတ်တဲ့ ဝန်းကျင် မဖြစ်သင့်ကြောင်း ပြောကြားလာပါတယ်။

မာရက်စ်ကာက “ဂိုးပေးခဲ့ရလို့ ယုံကြည်မှုအနည်းငယ်ပျောက်ဆုံးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ပရိသတ်အားပေးမှုနည်းပါးလို့ပါ။ ဒီလို အခိုက်အတန့်မျိုးမှာ လုပ်သင့်တာ လုပ်ရပါမယ်။ အစီအစဉ်ကို ပြောင်းလဲလိုက်လို့ မရပါဘူး။ ကျွန်တော်တို့က ဂိုးလွန်ဘောတည်ကန်ကနေ တိုက်စစ်စတဲ့အသင်းပါ။

ပရိသတ်အားပေးမှု နည်းပါးလို့ အဝေးကန်ဘောနဲ့ ကစားဖို့ ဆုံးဖြတ်လိုက်လို့ ဒုတိယဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။ သန်မာနေဖို့ လိုတယ်။ လုပ်စရာရှိတာ ဆက်လုပ်ရမယ်။

ပရိသတ်တွေ အားပေးနေရင် ကျွန်တော်တို့အသင်းက သန်မာတဲ့အသင်းဆိုတာ အမြဲပြောခဲ့တယ်။ ကျွန်တော်တို့ ပိုကောင်းတဲ့အသင်း ဖြစ်နေတယ်ဆိုတာ ပရိသတ်အားပေးမှုကြောင့်ပါ။ အခုအခိုက်အတန့်မှာတော့ ခက်ခဲတဲ့အသင်းဖြစ်နေခဲ့တယ်။ သူတို့ မပျော်လို့ အားမပေးတာဆိုရင်လည်း ဒီအချိန်မှာ သူတို့ အားပေးမှုကို ကျွန်တော်တို့ ပိုပြီးတော့ လိုအပ်နေပါတယ်”လို့ ပြောကြားသွားပါတယ်။

ချဲလ်ဆီးဟာ လာမယ့် ကြာသပတေးနေ့မှာ ယူရိုပါကွန်ဖရင့်လိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် လီဂီယာဝါဆောကို ဧည့်ခံကစားရပါမယ်။ ၎င်းတို့ဟာ ပထမအကျော့ ပိုလန်မှာတုန်းက ၃-၀ ဂိုးဖြင့် အနိုင်ရထားပါတယ်။