
ညက လီဂီယာဝါဆောအား ပိုလန်တွင် ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ ဆယ်ကျော်သက်ကစားသမားသီရီဂျော့ဟာ ချဲလ်ဆီးအတွက် ပထမဆုံးစီနီယာဂိုးအား သွင်းယူလာခဲ့ပါတယ်။
ယူရိုပါကွန်ဖရင့်လိဂ်ဖလားဆွတ်ခူးရန် ရေပန်းအစားဆုံး ဖြစ်နေတဲ့ အန်ဇိုမာရက်စ်ကာရဲ့ ချဲလ်ဆီးဟာ မနေ့ညတုန်းက ပိုလန်မှာ ကစားရတဲ့ ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ၃-၀ ဖြင့် အနိုင်ရရှိပြီးနောက် ဆီမီးဖိုင်နယ်သို့ တက်ရောက်ရေး အခြေအနေကောင်းသွားပြီ ဖြစ်ပါတယ်။
အဆိုပါပွဲစဉ်ရဲ့ ပွဲချိန် ၄၉ မိနစ်မှာ အင်္ဂလန်ယူ-၁၉ လက်ရွေးစင် အသက် ၁၉ နှစ်အရွယ်ရှိ ဂျော့ဟာ အနိမ့်ဘောကန်သွင်းပြီး ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးသွင်းပေးလာပါတယ်။
ယင်းဂိုးက ဂျော့ရဲ့ ချဲလ်ဆီးအတွက် ပထမဆုံးသွင်းယူတဲ့ ဂိုးလည်း ဖြစ်ပါတယ်။ သူဟာ ယခုရာသီမှာ ချဲလ်ဆီးရဲ့ ဥရောပပွဲ ၁၀ ပွဲအထိ ကစားခွင့်ရထားပေမဲ့လည်း ပရီးမီးယားလိဂ်ပွဲတစ်ပွဲမျှ ကစားခွင့်မရသေးပါဘူး။
ယင်းနောက် လူစားဝင်ရောက်လာတဲ့ နိုနီမာဒူကီက ဂျာဒွန်ဆန်ချိုရဲ့ ဖန်တီးမှုက ၂ ကြိမ်ကနေ နောက်ထပ် ၂ ဂိုးအား သွင်းယူပေးခဲ့ပါတယ်။
ယခုပွဲရဲ့ ပွဲချိန် ၇၄ မိနစ်မှာ ချဲလ်ဆီးတို့ ပင်နယ်တီ ရရှိခဲ့ပေမဲ့ အန်ကန်ကူရဲ့ ပင်နယ်တီကန်ချက်ကို လီဂီယာဝါဆောဂိုးသမားကာကွယ်သွားခဲ့ပါတယ်။
ပထမအကျော့ အဝေးကွင်းမှာ ၃ ဂိုးပြတ်အနိုင်ရထားတဲ့ ချဲလ်ဆီးဟာ လာမယ့်အပတ် ကြာသပတေးနေ့မှာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဒုတိယအကျော့အဖြစ် ကစားသွားရပါမယ်။
၎င်းတို့ဟာ ယူရိုပါကွန်ဖရင့်လိဂ်ဆီမီးဖိုင်နယ်မှာ ဆွီဒင်ကလပ် Djurgarden (သို့မဟုတ်)ရက်ပစ်ဗီယာနာနှင့် ရင်ဆိုင်ကစားရပါမယ်။