တံကောက်ကြောဒဏ်ရာကြောင့် ရာသီကုန်ထိ ထပ် နားရတော့မယ် ချယ်ဆီးအသင်းရဲ့ အဓိက အသင်းသား

မကြာသေးခင်ကမှ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ချယ်ဆီးအသင်း အဓိကနောက်ခံလူ ဝက်စလေဖိုဖာနာဟာ ဒဏ်ရာပြဿနာနဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရတာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပါတယ်။

ဖိုဖာနာဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့အတွက် ဖေဖော်ဝါရီလကုန်အထိ အနားယူခဲ့ရပြီး မကြာသေးခင်ကမှ ဘောလုံးပြန်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အသင်းအတွက် ၂ ပွဲသာ ကစားပြီးချိန်မှာပဲ ဒဏ်ရာပြန်ရခဲ့တာကြောင့် ကြာသပတေးနေ့က စပါးအသင်းနဲ့လန်ဒန်ဒါဘီပွဲကို လွဲချော်ခဲ့သလို သူ့တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရတယ်လို့ ချယ်လ်ဆီးအသင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ချယ်ဆီးအသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ‘ဖိုဖာနာဟာ တံကောက်ကြောဒဏ်ရာကို အောင်အောင်မြင်မြင် ခွဲစိတ်ကုသမှုခံယူခဲ့ပြီးဖြစ်ပါတယ်။ ဖိုဖာနာဟာ ကြွက်သားမှာ ထိခိုက်ဒဏ်ရာဝေဒနာကို ခံစားခဲ့ရတာကြောင့် အခုတစ်ပတ်အတွင်း ဆရာဝန်တွေနဲ့စမ်းသပ်စစ်ဆေးမှုပြုလုပ်ပြီးတဲ့နောက် ခွဲစိတ်ကုသမှုခံယူဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ် . . .’

‘လာမဲ့ရက်သတ္တပတ်တွေအတွင်း ဖိုဖာနာဟာ အသင်းဆေးအဖွဲ့ဝင်တွေနဲ့အတူ ကော့ဘ်ဟမ်လေ့ကျင့်ရေးကွင်းမှာ ကြံ့ခိုင်မှုပြည့်ဝလာဖို့ လေ့ကျင့်ခန်းတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဖိုဖာနာ ကြံ့ခိုင်မှုပြည့်ဝလာဖို့အတွက် အသင်းမှာရှိသူတိုင်းက ရာနှုန်းပြည့် အားပေးဆောင်ရွက်သွားမှာပါ’လို့ ဖော်ပြပါရှိခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အုပ်စုအဖွင့်ပွဲအဖြစ် လာမဲ့ဇွန်လ ၁၆ ရက်ကျရင် စတင်ကစားရမှာဖြစ်ပြီး အဲဒီပွဲမတိုင်ခင် ဖိုဖာနာ ကြံ့ခိုင်မှုပြည့်ဝလာဖို့ရှိ၊ မရှိကတော့ မသေချာသေးပါဘူး။