ချယ်ဆီးရဲ့ ကစားသမား ခေါ်ယူမှုတွေကို နားမလည်နိုင်ဘဲ ဂျင်းထပ်မိမှာ စိုးရိမ်နေတဲ့ ဂါးလက်စ်

ချယ်ဆီးအသင်းဟာ စပို့တင်း လစ္စဘွန်းမှ ကွမ်ဒါနဲ့ အက်ဆူဂိုတို့ဟာ နှစ်ဦးပေါင်း ပေါင် ၆၂.၅ သန်းတန်ကြေးရှိတဲ့ သဘောတူညီမှုနဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့ညမှာ အတည်ပြုခဲ့ပါတယ်။

ကစားသမားဘဝမှာ ဘာမှ သက်သေမပြသရသေးတဲ့ သူကို ပေါင် ၄၄ သန်းနဲ့ ခေါ်ယူတာက နောက်ထပ် သိသာထင်ရှားတဲ့ အမှားကို ထပ်မံ ကျူးလွန်မိတာမျိုး ဖြစ်မှာ ချယ်ဆီး နောက်ခံကစားသမားဟောင်း ဝီလီယံ ဂါးလက်စ်က စိုးရိမ်နေပါတယ်။

အသက် ၁၇ နှစ်အရွယ်သာ ရှိသေးတဲ့ ကွမ်ဒါဟာ ကစားသမားဘဝ တိုးတက်မှုတွေ ဆက်လက် ရှိလာစေဖို့ လာမယ့်ရာသီ စပို့တင်းမှာပဲ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂါးလက်စ်က အန်ဇို မာရက်စ်ကာရဲ့ လူစာရင်းထဲမှာ သိသာထင်ရှားတဲ့ အပေါက်တွေကို ဖြည့်ရမယ့်အစား အနာဂတ် အတွက် တည်ဆောက်မှုတွေအပေါ်ပဲ အရမ်းအားစိုက်နေတဲ့ အသင်းဟောင်းအတွက် စိုးရိမ်နေတာဖြစ်ပါတယ်။

“ချယ်ဆီးက ဘာလို့ လူငယ်တွေပဲ ခေါ်နေတာလဲဆိုတာ ကျွန်တော် နားမလည်နိုင်သေးဘူး။ လူငယ်ကစားသမားတွေအပေါ်မှာ ရင်းနှီးမြှုပ်နှံနေတဲ့ပုံပေါ်တယ်။ သူတို့တွေက ဈေးသက်သက်သာသာနဲ့ ဝယ်ပြီး ဈေးပိုရရင် ပြန်ရောင်းတယ်။ ဒါပေမယ့် အခုအချိန်က အဲဒီလို လုပ်နေလို့ရတဲ့အခြေအနေမဟုတ်ဘူးထင်တယ်။

သူတို့ လူငယ်ကစားသမားအချို့ကို ခေါ်ပြီးသွားပြီ။ ဒါပေမယ့် သူတို့ခေါ်ခဲ့တဲ့ လူငယ်ကစားသမားတွေရဲ့ တန်ဖိုးက တက်လာတယ်လို့ မထင်ဘူး။ အဲဒီတော့ သူတို့တွေ အမှားတွေ လုပ်မိနေတဲ့ပုံပဲ။ ဒီမျိုးဆက်က လုံးဝကို ကွဲပြားခြားနားတယ်ဆိုတာကို မမေ့ပါနဲ့။

ခင်ဗျား လူငယ်ကစားသမားတယောက်အတွက် ငွေတွေ အများကြီး ရင်းနှီးမြှုပ်နှံလိုက်တဲ့အခါမှာ လွန်ခဲ့တဲ့ နှစ် ၂၀၊ ၃၀၊ ၄၀ လောက်ကနဲ့ မတူတော့ပါဘူး။ လူငယ်ကစားသမားတွေအတွက် ကွင်းပြင်ပက ဆယ်လီဆန်ဆန်အရာတွေ၊ ကွင်းထဲက စွမ်းဆောင်ရည်တွေ ဒီဖိအားတွေအားလုံးကို ကိုင်တွယ်နိုင်ဖို့ အရမ်းခက်တယ်။ တခါတရံ အဲဒါက မတူညီပါဘူး။

အဲဒီတော့ ခင်ဗျား ရင်းနှီးမြှုပ်နှံချင်ရင် သေချာဖို့လိုတယ်။ ဒါပေမယ့် အခု ဘယ်သူကမှ မသေချာနေဘူး။ ၅၀-၅၀ ပဲ။ ချယ်ဆီးက ဘယ်နှသန်းလောက် ရင်းနှီးမြှုပ်နှံပြီးပြီလဲဆိုတာ ကျွန်တော် မသိဘူး။ ဒါပေမယ့် သူတို့ရတဲ့ပိုက်ဆံထက် ရှုံးသွားတဲ့ ပိုက်ဆံက ပိုများမယ်လို့ ထင်တယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။