Play off မှာ ဒိတ်ဒိတ်ကြဲတွေနဲ့ တွေ့ဖွယ် ရှိလို့ စီးတီး ချန်ပီယံလိဂ် ရှုံးထွက် တက်ဖို့ မလွယ်ကြောင်း ပက် ဝန်ခံ

ချန်ပီယံလိဂ် Phase အဆင့် ပြီးသွားချိန်မှာ အဆင့် ၈ ထဲ မဝင်ခဲ့လို့ မန်ချက်စတာ စီးတီးက ၁၆ သင်း ရှုံးထွက် အဆင့်ထံ တိုက်ရိုက် တက်ခွင့် မရခဲ့ပါဘူး။

ရှုံးထွက် တက်ဖို့ ထပ်ပြီး Play off ကစားရမှာ ဖြစ်ကာ စီးတီးဟာ ဒိတ်ဒိတ်ကြဲ ပြိုင်ဘက်တွေနဲ့ တွေ့ဖို့ ရှိနေပါတယ်။

ပပ် ဂွါဒီယိုလာက Play off အဆင့်မှာ သူ့ရဲ့အသင်းက ရီးရဲမက်ဒရစ် သို့မဟုတ် ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံရနိုင်ခြေရှိနေတာကြောင့် နောက်ထပ်တဆင့် တက်ဖို့ မလွယ်တော့ဘူးလို့ ဝန်ခံခဲ့ပါတယ်။

မန်စီးတီးက အင်္ဂါနေ့ညက ကလပ် ဘရုဂျက်ကို အိမ်ကွင်း အစ်တီဟတ်မှာ နောက်ကနေ လိုက်ကစားပြီး ၃-၁ နဲ့ အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ အရှက်ရဖွယ် ထွက်ခွာရမယ့်အရေးနဲ့ ရှောင်လွှဲနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ချန်ပီယံလိဂ်ကနေ ပထမဆုံးအဆင့်မှာပဲ လှည့်မပြန်ခဲ့ရလို့ စိတ်သက်သာရာရခဲ့ပေမယ့် ပလေးအော့ဖ်အဆင့်မှာ လက်ရှိချန်ပီယံ ရီးရဲမက်ဒရစ် သို့မဟုတ် ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

“မြူးနစ်နဲ့ပဲ တွေ့တွေ့ ရီးရဲမက်ဒရစ်နဲ့ပဲ တွေ့တွေ့ တကယ်ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် အဲဒါက နောက် ၂ ပတ်မှပါ။ ဒီ ၂ ပတ်အတွင်း ကစားသမား အနည်းငယ် ပြန်လာစရာ ရှိပါတယ်။ ကစားသမားသစ် ခေါ်ယူမှုလည်း ပြန်လာမှာပါ။ အဲဒီတော့ ကျွန်တော်တို့ ပွဲကောင်း ၂ ပွဲ ကစားနိုင်ဖို့ မျှော်လင့်မိပါတယ်။

အခုအချိန်မှာ ဒီ ၂ သင်းစလုံးက ကျွန်တော်တို့ထက် ပိုကောင်းနေပါတယ်။ ဒါပေမယ့် နောက် ၂ ပတ်အကြာမှာ ဘာတွေဖြစ်မလဲ ကျွန်တော် မသိဘူး။ ဒီယက်စ်၊ အကီ၊ ဒိုကု၊ ဘော့ဘ်တို့ ပြန်လာမယ်။ ကစားသမားသစ် ခေါ်ယူမှုလည်း ရှိနိုင်တယ်။ အားလုံး ပြန်လာရင်တော့ ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။