
နည်းပြ မာရက်စ်ကာနဲ့ ချယ်ဆီးအသင်းဟာ ဒီတလော သီတင်းပတ်တွေမှာ ဂိုးသမား ရောဘတ် ဆန်းချက်ဇ်ရဲ့ အမှားတွေကြောင့် ဂိုးပေးမှုတွေ၊ ပွဲရလဒ် ထိခိုက်မှုတွေ ဆက်တိုက် ကြုံနေရပါတယ်။
စီးတီးကို ၃-၁ နဲ့ ရှုံးတဲ့ ပွဲမှာလည်း ချယ်ဆီးအသင်းရဲ့ စပိန်သား ဂိုးသမားဟာ အသင်းအတွက် အကူအညီ မဖြစ်ဘဲ အမှား ထပ် လုပ်ခဲ့ပါသေးတယ်။
ပရီးမီးယားလိဂ်မှာ ဂိုးသမား အမှားကြောင့် အခုလို ချယ်ဆီး ဗျာများနေချိန်မှာ ချယ်ဆီးအသင်း အငှား ချထားတဲ့ ဂိုးသမား ပီထရိုဗစ်ကတော့ ကမ္ဘာ့အဆင့် ဂိုးသမားလို ချီးကျူးခံရသည်ထိ လက်စွမ်းပြနေပါတယ်။
ပြင်သစ်မှာ ပီထရိုဗစ်ဟာ သူ့ အငှားကလပ် Strasbourg အတွက် အစွမ်းပြနေပြီး ချယ်ဆီး စီးတီးကို ရှုံးတဲ့နေ့မှာပဲ ၎င်းတို့ အသင်းက လိုင်လီအသင်းကို ၂-၁ နဲ့ နိုင်ခဲ့ပါတယ်။
ပီထရိုဗစ်က နည်းပြ ပိုချက်တီနို ရှိစဉ် ၃၁ ပွဲ ကစားခဲ့သေးပေမယ့် နည်းပြ မာရက်စ်ကာ ရောက်လာချိန်မှတော့ ဂိုးသမား ဖိလစ် ဂျော်ဂျန်ဆန်ကို ခေါ်ယူလိုက်တာကြောင့် အဝေးကို လွင့်ခဲ့ရပါတယ်။
ဒီရာသီ လီဂူးဝမ်းသို့ သွားရောက် ကစားချိန်မှာတော့ ပီထရိုဗစ်က လက်စွမ်းတွေ ပြနေပြီ ဖြစ်ပါတယ်။
Strasbourg နည်းပြ Liam Rosenior က ပီထရိုဗစ်နဲ့ ပတ်သတ်ပြီး ” သူက ကမ္ဘာ့အဆင့် ဂိုးသမားပါ။ ဒါကို ကျွန်တော်တို့ နေ့တိုင်း တွေ့မြင်နေရတယ်။ ဒီနေ့ပွဲမှာတော့ အားလုံးလည်း မြင်ကြရမှာပါ။ ” လို့ ပြောဆို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။