ကွင်းလယ်နဲ့ တိုက်စစ်မှာ စီးတီးကို မယှဉ်နိုင်ဘဲ အီတီဟက်ကနေ အရှုံးနဲ့ ပြန်ခဲ့ရတဲ့ မာရက်စ်ကာရဲ့ ချယ်ဆီးအသင်း

မနေ့ညက အီတီဟက်မှာ ကစားခဲ့တဲ့ ပွဲမှာတော့ အိမ်ရှင် မန်စီးတီးက ချယ်ဆီးကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

မန်စီးတီးအတွက် ပွဲဦးထွက်ခဲ့တဲ့ ဥဇဘတ်ကစ္စတန် ကစားသမားလေး ခူဆာနော့ဗ်ရဲ့အမှားကနေ ဧည့်သည် ချယ်ဆီးအသင်းက အရင် ဦးဆောင်ဂိုး စောစော ရခဲ့တာပါ။

ပွဲအစ ၃ မိနစ်မှာပဲ ခူဆာနော့ဗ်ဟာ အီဒါဆင်ဆီ Back Pass ပေးတာက နီကိုလက်စ်ဂျက်ဆင် ဘောလုံးရပြီး ပြန်ခင်းပေးတာကို မာဒူအီကီက ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

မန်စီးတီးက ဒီညပွဲမှာ ချယ်ဆီးခံစစ်ရဲ့ အားနည်းချက်ဖြစ်တဲ့ အဝေးဘာပေးပို့မှုတွေကို အကောင်းဆုံး အသုံးချပြီး တန်ပြန်တိုက်စစ်ကနေ ဂိုးတွေရယူခဲ့ပါတယ်။

ချယ်ဆီးကတော့ ဘောလုံးကိုင်ပြီး ကစားနိုင်ခဲ့ပေမယ့် မန်စီးတီးရဲ့တန်ပြန်တိုက်စစ်တွေကို ထိန်းချုပ်ရာမှာ အတော်လေး အားနည်းခဲ့တာကြောင့် ယခုလို ဂိုးပြတ်ရှုံးပွဲကြုံခဲ့ရတာ ဖြစ်ပါတယ်။

၄၂ မိနစ်မှာ မန်စီးတီး ချေပဂိုးရခဲ့ပြီး မာသီးယက်စ်နူးနက်ဇ်ရဲ့ကန်ချက် ရော်ဘတ်ဆန်းချက်ဇ်နဲ့ထိပြီးတော့ ပြန်ထွက်လာတာကို ဂါဒီယောက ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ မာရက်စ်ကာက မန်စီးတီးကွင်းလယ်ကြောမှာ ပိတ်မိနေတဲ့ ပါလ်မာကို ညာခြမ်းတောင်ပံတိုက်စစ်အဖြစ် ပြောင်းလဲကစားခိုင်းပြီး မာဒူအီကီကိုတော့ Right Wing Back ပုံစံနဲ့ ဂါဒီယောကို Man Marking လုပ်စေခဲ့ပါတယ်။

ဒါပေမဲ့လည်း မန်စီးတီးတိုက်စစ်မှူးဟာလန်းကို ချယ်ဆီး ခံစစ်က ချာလိုဘာ၊ လီဗိုင်ကိုဝဲလ်တို့ မထိန်းချုပ်နိုင်သလို မန်စီးတီးအသင်းရဲ့ အမြင့်ဘောကစားပုံက ထိရောက်မှုရှိခဲ့ပါတယ်။

၆၈ မိနစ်မှာ အီဒါဆင် ကန်တင်ပေးတာကနေ ဟာလန်းက ဒုတိယဂိုးသွင်းခဲ့ပြီး ဒါက ရော်ဘတ်ဆန်းချက်ဇ် မလိုအပ်ဘဲ ရှေ့ထွက်ခဲ့လို့ ဟာလန်းက လွယ်လွယ်ကူကူ သွင်းယူနိုင်တာဖြစ်ပါတယ်။

၈၇ မိနစ်မှာတော့ ဟာလန်း ဖန်တီးပေးတာကနေ ဖိုဒန်က ကွင်းလယ်က တောက်လျှောက်ဆွဲပြေးပြီးတော့ တတိယဂိုး သွင်းယူခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ၂၀၂၁ ခုနှစ်တုန်းက မန်စီးတီးကို အနိုင်ရပြီးနောက်ပိုင်း အီတီဟတ်မှာ ပရီးမီးယားလိဂ် နိုင်ပွဲမရတော့ဘဲ ပြိင်ပွဲစုံမှာ ၁၁ ပွဲဆက်တိုက် အနိုင်မရခဲ့ပါဘူး။

အခုပွဲရှုံးခဲ့လို့ ချယ်ဆီးအသင်း အဆင့် ၆ နေရာအထိ ကျဆင်းသွားပြီး လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရုန်းကန်ရတော့မှာဖြစ်ပါတယ်။