ချယ်ဆီး ပရိသ၊တ်တွေကတော့ ပရီးမီးယားလိဂ် ချန်ပီယံ အိပ်မက် မက်လို့ ရပါတယ် ဆိုတဲ့ မာရက်စ်ကာရဲ့ ခွင့်ပြုစကား

ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရက် တော့တင်ဟမ် စပါးကို အဝေးကွင်း သွားရောက် ရင်ဆိုင်ကာ ၄-၃ နဲ့ နိုင်ပွဲကောင်း ရခဲ့ပါတယ်။

လန်ဒန်ဒါဘီ ပြိုင်ဘက်ကို နိုင်ပြီးတဲ့နောက် ချယ်ဆီးအသင်းဟာ အမှတ်ပေးဇယားမှာလည်း အာဆင်နယ်ကို ကျော်တက်ဟာ အဆင့် ၂ နေရာ ရောက်လာခဲ့ပါပြီ။

နည်းပြ မာရက်စ်ကာ ကတော့ ပရိသ၊တ်တွေက ချန်ပီယံ ဖြစ်ဖို့ စိတ်ကူးနိုင်ပေမယ့် သူ့အသင်းဟာ ခံစစ်ပိုင်း ကျစ်လစ်မှု မရှိတာကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ဖလား စိန်ခေါ်ဖို့ အသင့် မဖြစ်သေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

” ကျွန်တော်တို့မှာ တိုးတက်အောင် လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ ကျွန်တော်တို့သာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ စိန်ခေါ်နိုင်တဲ့ အသင်း ဆိုရင် ပွဲအစ ၁ဝ မိနစ်မှာတင် ၂-ဝ နဲ့ အရေးနိမ့်နေမှာ မဟုတ်ဘူးလေ။

ကျွန်တော်တို့ ရောက်အောင်သွားရမယ့် လယ်ဗယ် တစ်ခု ရှိသလို အဲဒီအတွက်လည်း ရှေ့ဆက် အလုပ် လုပ်နေရမျာပါ။ ” လို့ အီတလီသား နည်းပြက ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး မာရက်စ်ကာက ” ပရိသတ်တွေကတော့ (ချန်ပီယံ ဖြစ်ဖို့) စိတ်ကူးယဉ်လို့ အိပ်မက်မက်လို့ ရပါတယ်။ သူတို့က အပြင်က လူကိုး။ ဒါပေမယ့် အသင်းရဲ့ အတွင်းပိုင်းမှာက ဒါက မဖြစ်နိုင်သေးဘူး ဆိုတာ ရှင်းလင်း သိသာပါတယ်။

တကယ့် အရှိတရားက ကျွန်တော်တို့ အသင့် မဖြစ်သေးဘူး ဆိုတာပဲ။ ဒါပေမယ့် အရေးကြီးတာက တစ်နေ့ပြီး တစ်နေ့ တိုးတက်အောင် လုပ်သွားဖို့ပါပဲ။ ” လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါကလည်း ဒီရာသီ ချယ်ဆီးအသင်းကို ထိုးနှက်နိုင်တာက အသင်း ခံစစ်ပိုင်းပဲ ဖြစ်ကြောင်း ထောက်ပြထားခဲ့ပါသေးတယ်။