ပရီးမီးယားလိဂ် ပြိုင်ဘက်တွေက သူ့ရဲ့ ချယ်ဆီးအသင်းသားလို တလွဲလုပ်မှာ မဟုတ်ဘူး ဆိုတဲ့ မာရက်စ်ကာ

နည်းပြ အန်ဇိုမာရက်စ်ကာက ချဲလ်ဆီးမှာ မျှော်လင့်ထားတာ ပို လုပ်ပြနိုင်နေသော်လည်း ပရီးမီးယားလိဂ်ဖလားပြိုင်ဘက်များမှာ မာ့ခ်ကူကူရယ်လာ (စပါးနဲ့ပွဲ အစောပိုင်းမှာ) ကဲ့သို့ ချော်လဲလာမည် မဟုတ်ကြောင်း ပြောကြားသွားပါတယ်။

ချဲလ်ဆီးဟာ စပါးစ်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်နေရာမှ ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာသို့ တက်လှမ်း လာပြီး ထိပ်ဆုံးမှ လီဗာပူးနှင့် ၄ မှတ်သာ ကွာဟပါတော့တယ်။

စပါးစ်ဟာ ကူကူရယ်လာ ချော်လဲမှုမှ တဆင့် စောစောစီးစီး ၂ ဂိုးရခဲ့တာလည်း ဖြစ်ပါတယ်။

မာရက်စ်ကာက “ကျွန်တော်မျှော်လင့်ထားတာထက် ပိုလုပ်ပြနေတယ်။ ဘောလုံး ပိုင်ဆိုင်ထားချိန်မှာရော ဘောလုံးမရှိချိန်မှာရော ရလဒ်ပိုင်းမှာရောပါ”လို့ ပြောကြားသွားပါတယ်။

ဒါပေမဲ့ မာရက်စ်ကာဟာ ချဲလ်ဆီးမှာ ပရီးမီးယားလိဂ်ဖလားအတွက် စိန်ခေါ်ရန် အဆင်သင့် မဖြစ်သေးကြောင်း ဆိုသွားပါတယ်။

မာရက်စ်ကာက “အာဆင်နယ်၊ စီးတီး၊ လီဗာပူးတို့ ကူကူရယ်လာလို့ ချော်လဲမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အသင့်မဖြစ်သေးဘူးလို့ အလေးအနက်ထား ပြောပါရစေ။ ဒီအသင်းတွေနဲ့ အများကြီးကွာဟပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ တစ်နေ့ချင်းစီ အာရုံစိုက်ပြီး အသင်းကို ပိုကောင်းအောင် လုပ်သွားမယ်။ အစီအစဉ် သို့မဟုတ် စိတ်ကူးတွေက ကစားသမားတွေကို မနှေးကွေးစေလိုပါဘူး။ အခြားကစားသမားတွေ စောင့်နေတယ်ဆိုတာ သိလို့ ခြေစွမ်းကျလို့ မရပါဘူး”လို့ ပြောကြားသွားပါတယ်။

မနေ့ညက ပွဲတွင် ချဲလ်ဆီးအတွက် ပင်နယ်တီမှ တဆင့် ၂ ဂိုးသွင်းခဲ့တဲ့ ကိုးလ်ပါလ်မာမှာ ချဲလ်ဆီးအတွက် ဂိုးနှင့် ဖန်တီးမှု အကြိမ် ၅၀ ရှိသွားပြီ ဖြစ်ပါတယ်။

သူဟာ ပရီးမီးယားလိဂ် ၄၈ ပွဲတွင် ၃၃ ဂိုး၊ ဖန်တီးမှု ၁၇ ကြိမ်ပြုလုပ်ထားနိုင်တာ ဖြစ်ပါတယ်။ အင်္ဂလန် အလယ်တန်း ကစားသမားဟာ အာလင်းဟာလန်း(၃၉)၊ အင်ဒီကိုးလ်(၄၃)၊ မိုဟာမက်ဆာလက်တို့ပြီးလျှင် ဂိုးနှင့် ဖန်တီးမှု အကြိမ် ၅၀ အမြန်ဆုံးပြည့်သူ ဖြစ်လာပါတယ်။