
မနေ့ညက တော့တင်ဟမ် စပါးအသင်းနဲ့လန်ဒန်ဒါဘီအဝေးကွင်းပွဲမှာ ချယ်ဆီးတို့ ၂-၀ ဂိုးပြတ်အရှုံးကနေ နောက်ကလိုက်ကစားပြီး အံ့အားသင့်စရာကောင်းအောင် ၄-၃ ဂိုးရလဒ်နဲ့ Come Back နိုင်ပွဲရယူခဲ့ပါတယ်။
စပါးအသင်းဟာ ပထမပိုင်း ၅ မိနစ်မှာ ဆိုလန်ကီ၊ ၁၁ မိနစ်မှာ ကူလူဆက်ဗ်စကီးတို့ရဲ့ဂိုးတွေနဲ့ ၂-၀ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီး အဲဒီ ၂ ဂိုးစလုံးမှာ ကူကူရယ်လာရဲ့ အမှားမကင်းခဲ့ပါဘူး။
ကူကူရယ်လာဟာ ၂ ကြိမ်စလုံး ချော်လဲပြီး ဟန်ချက်ပျက်ခဲ့တာကနေ စပါးအသင်း ဂိုးရခဲ့တာဖြစ်သလို နောက်ပိုင်းမှာ ကူကူရယ်လာက ဘောကန်ဖိနပ် ပြောင်းလဲ ဝတ်ဆင်ရတဲ့အထိဖြစ်ခဲ့ပါတယ်။
ချယ်ဆီးအတွက် ချေပဂိုးကို ၁၇ မိနစ်မှာ ဆန်ချိုက ပယ်နယ်တီဧရိယာထိပ်ကနေ ကန်သွင်းခဲ့ပြီး နှစ်သင်းစလုံးက အပြန်အလှန်တိုက်စစ်ဖွင့်ကစားတာကြောင့် ပွဲက တော်တော်လေး မြိုင်ဆိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ မာရက်စ်ကာဟာ လာဗီယာနေရာမှာ ဂူစတိုကို ထည့်ပြီး ကိုင်စီဒိုကို ကွင်းလယ်အဖြစ် ပြန်လည်ကစားခိုင်းခဲ့တဲ့အတွက် ချယ်ဆီးကစားအား တက်လာပါတယ်။
အဲဒါကြောင့်ပဲ ၆၁ မိနစ်မှာ ပါလ်မာက ပယ်နယ်တီကနေ ဒုတိယချေပဂိုးသွင်းခဲ့ပြီး ၇၃ မိနစ်မှာ အန်ဇိုဖာနန်ဒက်ဇ်က တတိယဂိုးသွင်းယူခဲ့ပါတယ်။
ချယ်ဆီးအသင်းရဲ့ စတုတ္ထမြောက်ဂိုးကို ပါလ်မာက ဒုတိယမြောက် ပယ်နယ်တီကနေ သွင်းယူခဲ့ပါတယ်။
ဒီဂိုးကြောင့် ပါလ်မာဟာ မန်စီးတီးဂန္ထဝင် ယာယာတိုရေးကို ကျော်ဖြတ်ပြီးတော့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပယ်နယ်တီ အကြိမ်တိုင်း ဂိုးဝင်အောင် သွင်းနိုင်သူအဖြစ် ၁၂ ဂိုးနဲ့ စံချိန်တင်နိုင်ခဲ့ပါပြီ။
စပါးအသင်းအတွက် တတိယချေပဂိုးကို နာကျင်အချိန်ပို ၉၆ မိနစ်မှာ ဆွန်ဟောင်မင်က ပိတ်သွင်းခဲ့ပေမဲ့ အချိန်နှောင်းသွားပြီဖြစ်လို့ စပါးတို့ အိမ်ကွင်းမှာပဲ ချယ်ဆီးကို အရှုံးပေးခဲ့ရပါတယ်။