အာဆင်နယ်နဲ့ ဖလား မမြှောက်ရသေးပေမယ့် ပြောင်းလာတာ မှန်လိုက်လေခြင်း ဆိုတဲ့ ချယ်ဆီးတိုက်စစ်ဟောင်း ဟာဗက်ဇ်

ကိုင်ဟာဗက်ဇ် ဟာ ယခင်ကလပ် ချယ်ဆီးအသင်းမှာ ချန်ပီယံလိဂ် ဖလား ကိုင်မြှောက်ခဲ့ရပြီး လက်ရှိ ကလပ် အာဆင်နယ်မှာတော့ ဘာ ဆုဖလားမှ မရသေးပေမယ့် အမ်းမရိတ်သို့ ပြောင်းရွှေ့လာခဲ့တာ သူ့ဘဝရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ပါ လု့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

ဂျာမန် လက်ရွေးစင် တိုက်စစ်သမားဟာ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ဂိုးသွင်းပေးခဲ့တာကြောင့် ချယ်ဆီး ပရိသတ်တွေရဲ့ ချစ်ခင်ခြင်းလည်း ခံယူခဲ့ရသူပါ။

ဒါပေမယ့် မြောက်လန်ဒန်ကလပ် အာဆင်နယ်ကို ပြောင်းရွှေ့သွားပြီးနောက် ချယ်ဆီးအသင်းနဲ့ ဟာဗက်ဇ် ကြား ဝေးကွာသွားပြီ ဆိုရပါမယ်။

ကိုင်ဟာဗက်ဇ်က ” ကျွန်တော် ဒီမှာ တစ်နှစ်ကျော်လောက်ပဲ ရှိပါသေးတယ်၊ ဒါပေမယ့် နှစ်ပေါင်း အတော်ကြာနေသလိုပဲ။ ကျွန်တော် အားလုံးနဲ့ ခင်မင်တယ်၊ ကိုယ့်အိမ်လိုပဲ ဖြစ်နေပြီ။

ဒီမှာ ရှိနေတဲ့ စက္ကန့်တိုင်းကို ပျော်ရွှင်နေတာပါ။ ကျွန်တော့် အတွက်တော့ ဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက် ချလိုက်တာပါပဲ။ ” လို့ ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကိုင်ဟာဗက်ဇ် ဟာ ပြီးခဲ့တဲ့ရာသီ စီးတီးနဲ့ အပြိုင် ဖလားလုခဲ့တဲ့ အာဆင်နယ် အသင်းရဲ့ အဓိက အသင်းသား တစ်ဦး ဖြစ်ခဲ့ပြီး ဒီရာသီမှာလည်း နည်းပြ အာတီတာရဲ့ ယုံကြည် အခွင့်အရေး ပေးမှု ဆက်လက် ရရှိနေပါတယ်။