ဂိုးလည်းသွင်း ဂိုးဖန်တီးမှုလည်း လုပ်ခဲ့တဲ့ ချယ်ဆီး အသင်းသားကို အားမရဘဲ နည်းပြ မာရက်စ်ကာ တွန်းအားပေး

ချယ်ဆီးအသင်းဟာ ကြားရက်က ဆောက်သမ်တန် အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ခဲ့ရာမှာ ၅-၁ နဲ့ ဂိုးပြတ် နိုင်ပွဲ ရခဲ့ပါတယ်။

အဲဒီပွဲမှာ ဒုတိယပိုင်း ချယ်ဆီး ၃-ဝ နဲ့ ဂိုးပြတ်နိုင်နေချိန်မှ မာဒူကီ လူစားဝင်လာခဲ့ကာ နောက်ထပ် ချယ်ဆီး ဂိုး နှစ်ဂိုးမှာ ကိုယ်တိုင် တစ်ဂိုးသွင်း၊ တစ်ဂိုး ဖန်တီး ပေးခဲ့ပါတယ်။

အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှုးက အခုလို စွမ်းဆောင်ပြနေပေမယ့် မာရက်စ်ကာ ကတော့ မာဒူကီ ကို အခုထက် ပိုပြီး ရည်မှန်းချက် ထားစေချင်ကြောင်း ပွဲအပြီးမှာ ခုလို ဆိုခဲ့ပါတယ်။

” နိုနီ (မာဒူကီ) က ပုဂ္ဂိုလ်ရေး ခင်မင်မှုလည်း ရှိပါတယ်။ ဒါပေမယ့် သူ လုပ်နိုင်သလောက် ထပ် အားမထုတ်တာကို ကျွန်တော် သဘောမကျဘူး ဖြစ်နေတယ်။

သူ ဂိုးသွင်းတာ၊ ဂိုးဖန်တီးတာ တစ်ခုခု လုပ်လိုက်ပြီးရင် ကျေနပ်သွားသလိုပဲ၊ အဲလိုဖြစ်ပြီးရင် သူ နည်းနည်း ကျသွားတယ်။

ဗီလာနဲ့ ပွဲမှာ သူ ပွဲထွက်က မပါတာကလည်း ထရိန်နင်မှာ သူလေ့ကျင့်ပုံကို သဘောမကျလို့ပါ။ သူ့ အနေနဲ့ နေ့တိုင်း ကြိုးစားလေ့ကျင့်ဖို့၊ ရည်မှန်းချက်ကြီးဖို့ လိုတယ် ဆိုတာ နားလည်းရပါမယ်။

သူ တစ်ဂိုး သွင်းပြီးရင် နှစ်ဂိုး သွင်းနိုင်အောင် သုံးဂိုးထိ သွင်းနိုင်အောင် ဆက်လုပ်ရမယ်။ ရည်မှန်းချက် ထားရမယ်။ ဖန်တီးရမယ်။ ဒီည ကတော့ ခြုံကြည့်ရင် သူ ကောင်းကောင်း လုပ်ခဲ့ပါတယ်။ ” လို့ မာရက်စ်ကာက ဆိုခဲ့တာ ဖြစ်ပါတယ်။

မာဒူကီဟာ ဒီရာသီ သူ့ရဲ့ ပရီးမီးယားလိဂ် ၁၃ ပွဲမှာ ၅ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီးမှု ပြုလုပ်ထားပါတယ်။