ကီဗင် ဒီဘရိုင်း အကောင်းဆုံး ခြေစွမ်းနဲ့ အတူ ပြန်လာလို့ အပျော်ဆုံး ဖြစ်နေတဲ့ ပက် ဂွာဒီယိုလာ

မနေ့ညက မန်စီးတီးက နော်တင်ဟမ်ဖောရက်စ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲရဲ့ ပွဲပြီးရန် ၁၆ မိနစ်အလိုမှာ ရီကိုလူးဝစ်နှင့် လူစားလဲခံရပြီး ကွင်းပြင်သို့ ထွက်ခွာလာတဲ့ ကီဗင်ဒီဘရိုင်းကို ပက်ဂွါဒီယိုလာ တစ်ယောက် ဖက်လှဲတကင်း ကြိုဆိုခဲ့ပါတယ်။

အလုပ်ကို အကောင်းဆုံးလုပ်ပြနိုင်ခဲ့တဲ့ သားတစ်ဦးကို အဖေက ဝမ်းသာအားရ ကြိုဆိုတဲ့ပုံစံမျိုးနှင့်ပါ။ ကီဗင်ဒီဘရိုင်းကလည်း အပြုံးနှင့် တုံ့ပြန်ပြီးတဲ့နောက် အရန်ခုံသို့ ဝင်ရောက်သွားခဲ့ပါတယ်။

ယင်းနေ့မတိုင်ခင်တုန်းက ဂွါဒီယိုလာဟာ ဘယ်လ်ဂျီယံစူပါစတားနှင့် သူ့အကြား ဘာပြဿနာမှ မရှိဘူးလို့ လူသိရှင်ကြား ငြင်းဆိုခဲ့ရတာပါ။

Sky Sports က ပွဲသုံးသပ်သူတွေ ဖြစ်ကြတဲ့ ဂျေမီကာရေဂါနှင့် ဂယ်ရီနဗီးလ်တို့က နိုင်ပွဲဆက်တိုက် ပျောက်ခဲ့တဲ့ ၇ ပွဲမှာ ကီဗင်ဒီဘရိုင်းကို မိနစ်အနည်းငယ်သာ ကစားခွင့်ပေးပြီးတဲ့နောက် ၎င်းတို့နှစ်ဦးအကြား ပြဿနာရှိနေတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဂွါဒီယိုလာအနေနဲ့ မန်စီးတီးမှာ သူရရှိထားတဲ့ အောင်မြင်မှုအားလုံး ရရှိလာအောင် အဓိကနေရာက လုပ်ဆောင်ခဲ့တဲ့ ကီဗင်ဒီဘရိုင်းလို ကစားသမားမျိုးကို ဘာကြောင့် အရန်ခုံသို့ ပို့ထားရသလဲ မေးခွန်းထုတ်စရာပါ။

ဒါပေမဲ့ ကီဗင်ဒီဘရိုင်းဟာ ဩဂုတ်လနောက်ပိုင်း ပထမဆုံးအကြိမ် ပွဲထွက်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ သူ့အရည်အချင်းကို ထပ်မံ သက်သေပြလာနိုင်ခဲ့ပါတယ်။

ကီဗင်ဒီဘရိုင်းဟာ ဘာနာဒိုဆေးလ်ဗား အဖွင့်ဂိုးသွင်းနိုင်အောင် ဖန်တီးပေးနိုင်ခဲ့သလို မန်စီးတီးရဲ့ ဒုတိယဂိုးကိုလည် ဒိုကူရဲ့ ဖန်တီးမှုကနေ သွင်းယူပေးခဲ့ပါတယ်။

ဂွါဒီယိုလာက ကွင်းလယ်မှာ ဂျက်ဂရဲလ်လစ်ရှ်နှင့် တွဲကစားဖို့ ဆုံးဖြတ်လာမှုနှင့်အတူ ကီဗင်ဒီဘရိုင်းဟာ အခုပွဲမှာ နေရာလွတ် ပိုမို ရရှိပြီး ထုံးစံအတိုင်း ပွဲကို ဦးဆောင် ကစားသွားနိုင်ခဲ့ပါတဘ်။

ကီဗင်ဒီဘရိုင်းဟာ စက်တင်ဘာလ ၁၄ ရက်နေ့တုန်းက ဘရန့်ဖို့ဒ်နှင့်ပွဲမှာ ပွဲချိန်ပြည့်ကစားပြီးတဲ့နောက် ပွဲချိန်အများဆုံးကစားမှုအဖြစ် ၇၄ မိနစ် ကစားသွားခဲ့ပါတယ်။ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကိုပါ အိမ်အပြန် ရယူနိုင်ခဲ့ပါတယ်။

ဂွါဒီယိုလာက “သူ ပြန်လာလို့ ဝမ်းသာတယ်။ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ၇၅ မိနစ် ကစားနိုင်ခဲ့တယ်။ သူက ချစ်ဖို့ကောင်တဲ့အပြင် ဒီကို ရောက်ကတည်းက နှစ်ပေါင်းများစွာ အရေးပါလာတဲ့သူ ဖြစ်လို့ အကောင်းဆုံးနဲ့ ထိုက်တန်တယ်”လို့ ပြောကြားသွားပါတယ်။

ယခုအခါ မန်စီးတီးဟာ ကီဗင်ဒီဘရိုင်း ပွဲထွက်ကစားတဲ့ ပရီးမီးယားလိဂ် ၃၁ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ရယူလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယင်းပွဲတွေမှာ ကီဗင်ဒီဘရိုင်းဟာ ၂၅ ဂိုး ရရှိရာမှာ ပါဝင်ထားနိုင်ပါတယ်။ သူဟာ ၉ ဂိုးသွင်းပြီး ၁၆ ကြိမ် ဖန်တီးထားနိုင်ပါတယ်။

ကီဗင်ဒီဘရိုင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်ပွဲ တစ်ပွဲတည်းမှာ ၄ ကြိမ်နှင့်အထက် ဂိုးပေါက်ကန်၊ ၄ ကြိမ်နှင့်အထက် ဖန်တီးမှု ပြုလုပ်နိုင်တာ ၃ ပွဲမြောက် ရှိပြီ ဖြစ်ပါတယ်။

တဖက်မှာ ဂွါဒီယိုလာဟာ ကီဗင်ဒီဘရိုင်းကို အရဲစွန့်အသုံးပြုလာရင် ဒဏ်ရာပြဿနာထပ်ကြုံရပြီး အခြေအနေ ပြန်ဆိုးရွားလာမှာလည်း စိုးရိမ်နေရပါသေးတယ်။

ဒါပေမဲ့ ကီဗင်ဒီဘရိုင်း အကောင်းဆုံးပုံစံ ရရှိလာမှုနှင့်အတူ မန်စီးတီးရဲ့ အကောင်းဆုံးပုံစံကိုလည်း ဆက်လက် မြင်တွေ့လာရဖို့ သေချာနေပြီ ဖြစ်ပါတယ်။