
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက လာမယ့် ၅ နှစ်မှ ၁၀ နှစ်အတွင်းတွင် ပရီးမီးယားလိဂ်ကို ချဲလ်ဆီး လွှမ်းမိုးလာနိုင်ကြောင်း ပြောကြားလာပါတယ်။
အသက် ၄၄ နှစ်ရှိ မာရက်စ်ကာဟာ ယခုရာသီတွင် ချဲလ်ဆီးမှာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်နိုင်ခြေမရှိကြောင်း အကြိမ်ကြိမ် ငြင်းထားသူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ မာရက်စ်ကာက ပျမ်းမျှအသက် ၂၃ နှစ်သာ ရှိတဲ့ အတွေ့အကြုံနုနယ်တဲ့ ချဲလ်ဆီးအသင်းမှာ ယခုရာသီတွင် ချန်ပီယံဖြစ်နိုင်ခြေ မရှိကြောင်း၊ သို့ရာတွင် နောက် ၅ နှစ်မှ ၁၀ နှစ်အတွင်းတွင် ပရီးမီးယားလိဂ်ကို လွှမ်းမိုးလာနိုင်ကြောင်း ဆိုသွားပါတယ်။
မာရက်စ်ကာက “ပရီးမီးယားလိဂ်ဖလားလုပွဲမှာ ကျွန်တော်တို့ မပါဝင်ပါဘူး။ ကျွန်တော်တို့ မပါဝင်ပါဘူး။ ကျွန်တော့်အမြင်ပြောတာပါ”လို့ ပြောကြားသွားပါတယ်။
ဗုဒ္ဓဟူးနေ့ည ဆောက်သမ်တန်နှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် မာရက်စ်ကာက “ပထမဆုံးအကြိမ် အသင်းပိုင်ရှင်တွေ၊ အားကစားဒါရိုက်တာတွေနဲ့ တွေ့တုန်းက အသက်အရွယ်နဲ့ လူအင်အားကောင်းမွန်မှုတွေကြောင့် နောက် ၅ နှစ်၊ ၁၀ နှစ်မှာ ချန်ပီယံဆုကို လုတဲ့အသင်းထဲမှာ ပါဝင်လာမယ်၊ ဒါမှမဟုတ် အင်္ဂလိပ်ဘောလုံးလောကကို လွှမ်းမိုးလာမယ်လို့ ပြောခဲ့တယ်။
ဒါက သူတို့နဲ့ ပထမဆုံးအကြိမ် တွေ့တုန်းက ပြောခဲ့တာပါ။ နောက် ၅ နှစ် သို့မဟုတ် ၁၀ နှစ်မှာ ဘယ်နည်းပြပဲ ရှိနေနေပါ။ အသက်အရွယ်နဲ့ လူအင်အားကြောင့် အင်္ဂလိပ်ဘောလုံးလောကကို လွှမ်းမိုးလာပါတယ်။ ဒီလိုပဲ တွေးတယ်။ ပစ်မှတ်နဲ့ပတ်သက်ပြီး သူတို့ဘက်က ဘာမှ မတောင်းဆိုပါဘူး။
လာမယ့်နှစ်တွေအတွက် အသင်းကို တည်ဆောက်ဖို့က အရေးအကြီးဆုံးပါ။ သူတို့လမ်းကြောင်းမှန်ပေါ်မှာ ရှိတယ်လို့ ခံစားရပါတယ်။ ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်နဲ့ ပတ်သက်ပြီး ပြောပြရင် ခင်ဗျားတို့ ယုံမှာတောင် မဟုတ်ပါဘူး။ ဒီရာသီအကုန်ကို ပစ်မှတ်မထားဘူး။ လာမယ့်ရာသီကိုပဲ ပစ်မှတ်ထားတယ်”လို့ ပြောကြားသွားပါတယ်။
ချဲလ်ဆီးဟာ အမေရိကန်ပိုင်ရှင်များ လက်ထက် ပထမနှစ်ရာသီမှာ အဆင့် ၁၂ နှင့် အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၎င်းတို့ဟာ အီတလီလူမျိုးနည်းပြမာရက်စ်ကာလက်အောက်မှာတော့ စတင်အခြေကျလာပြီဖြစ်ပါတယ်။