
ချယ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ငယ်ရွယ်တဲ့ သူ့ရဲ့အသင်းဟာ ပရီးမီးယားလိဂ်ဖလား ရယူနိုင်မယ့် ပြိုင်ပွဲမှာ မပါဝင်ဘဲ ပွဲတိုင်းကို တိုးတက်မှုတွေ ရရှိဖို့အတွက်သာ အာရုံစိုက်ထားတယ်လို့ ပြောခဲ့ပါတယ်။
လက်ရှိမှာ ချယ်ဆီးအသင်းက အဆင့် ၃ မှာ ရှိတာ ဆိုပေမယ့် အဆင့် ၂ မှ အာဆင်နယ်နဲ့ ရလဒ်တူ၊ ဂိုးကွာခြားချက်ပါ တူထားပြီး အသင်း နာမည် အက္ခရာစဉ် အရသာ တတိယ နေရာမှာ ရပ်တည်နေတာပါ။
အမှတ်ပေးဇယား ပထမ နေရာက လီဗာပူးအသင်းနဲ့ ဆိုရင်လည်း ၉ မှတ်သာ ကွာဟနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် နည်းပြ မာရက်စ်ကာက “ကျနော်တို့ဟာ ပရီးမီးယားလိဂ်ဖလား ရယူနိုင်မယ့်ပြိုင်ပွဲမှာ မပါဝင်ဘူးဆိုတာ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ ကျနော်ဟာ ဖိအားတွေကို အလွန်ကြိုက်ပြီး ဒီနေရာမှာ ရှိချင်ပေမယ့် ကျနော်တို့ အဲ့ဒီနေရာမှာ မရှိပါဘူး။
အသင်း တိုးတက်လာတာက အရေးကြီးပြီး ကောင်းမွန်တဲ့ခံစားချက်ပါ။ တချိန်တည်းမှာ လက်တွေ့ကျဖို့ လိုအပ်ပြီး ကျနော်တို့နဲ့ အခြားအသင်းတွေအကြားက ခြားနားချက်ကို ခင်ဗျားတို့မြင်တွေ့နိုင်ပါတယ်”လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။
ဒီကြားရက်မှာ အာဆင်နယ်က မန်ယူနဲ့ ထိပ်တိုက်တွေ့နေချိန် ချယ်ဆီးက ဆောက်သန်တန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ နိုင်ပွဲ ယူကာ အခွင့်ကောင်း ယူနိုင်ခြေလည်း ရှိနေပါတယ်။